၂၄.၆.၂၀၂၅
Written by Hey Mar
ကျောက်ကပ်ရောဂါ ခံစားနေရတဲ့လူငယ်က စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့ဖြစ်စဉ် ဇွန်လ ၂၂ ရက်နေ့ သန်းခေါင်အချိန် ဇွန်လ ၂၃ ရက် မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့ပြီး လူမှုကူညီရေးအသင်းက အချိန်မီဆေးရုံတင်ပို့ပေးနိုင်ခဲ့တယ်လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ ဝန်းရံမှူးလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
သေကြောင်းကြံစည်တဲ့ လူငယ်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ ပီမိုးနင်း(၃) လမ်းမှာ နေထိုင်သူလို့ သိရပြီး အသက် ၂၆ နှစ်အရွယ် ကျောက်ကပ်ဆေးနေရတဲ့ လူငယ်တစ်ဦးလို့ သိရပါတယ်။
သေကြောင်းကြံစည်မှု မပြုခင် မနက်ပိုင်းအချိန်တွေက ဖုန်းထဲကနေ Online က ကျောက်ကပ်ဝေဒနာသည်တွေရဲ့ ဒုက္ခခံစားရတဲ့ ကူရာမဲ့ဖြစ်နေတဲ့ ရုပ်သံတွေ ကြည့်ရှုနေခဲ့တယ်လို့ မိသားစုဝင်တွေရဲ့ပြောပြချက်ကို လူမှုကူညီရေးအသင်းက တစ်ဆင့်ပြန်လည်ပြီးအသိပေးပါတယ်။
ဝန်းရံမှူး လူမှုကူညီရေးအသင်းတာဝန်ရှိသူက”သူက အိမ်ရဲ့ ရေချိုးခန်းထဲမှာဖြစ်နေတာပါ။ လည်ပင်းမှာ လေးလက်မလောက် ပြတ်ရှဒဏ်ရာက အတော်ကြီးတယ်။ နောက်ပြီး လက်နှစ်ဖက်စလုံးက လက်ကောက်ဝတ် သွေးကြော၊ တံတောင်ဆစ်အကွေးအဆန့်နားက သွေးကြောတွေ လှီးထားတာ။ သွေးထွက်တော့ အတော်များနေပေမယ့် ဆေးရုံထိ အသက် ပါပါတယ်ခင်ဗျာ။ အခု လူနာအခြေအနေ ကောင်းနေပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါလူငယ်ကို ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ လူနာတင်ယာဉ်နဲ့ မြောက်ဥက္ကလာဆေးရုံဆီ ပို့ဆောင်ကူညီပေးခဲ့ပြီး သက်ဆိုင်ရာကလည်း မိမိကိုယ်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တဲ့အတွက် လူငယ်ကို ရဲလုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။


