◾️ ဘယ်လာရုစ်နိုင်ငံမှတစ်ဆင့် ရုရှားနိုင်ငံ ဘူရားတီးရားပြည်နယ်များသို့လည်း သွားရောက်မည်
၂၄. ၆. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) သို့ တက်ရောက်ရန် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ခရီးစဉ်အတွင်း SAC ဥက္ကဋ္ဌသည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက်ခြင်း၊ EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် Eurasian Economic Union – EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် SAC ဥက္ကဋ္ဌသည် ဘယ်လာရုစ်သမ္မတနိုင်ငံမှတဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ် အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ၏ ဖိတ်ကြားချက်အရ ဘူရားတီးရားပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး အထင်ကရနေရာများနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာသွားမည်ဖြစ်သည်။
အဆိုပါ ခရီးစဉ်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် စစ်ဘက်၊ နယ်ဘက်မှအဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရှိရသည်။


