၂၄. ၆. ၂၀၂၅
Written by Nyein Kyaw
အကြမ်းဖက်အဖွဲ့များထံ တစ်နှစ်နီးပါး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး ပြန်လည်လွတ်မြောက်လာသည့် ကလေးတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များအား လုပ်ငန်းခွင်ပြန်လည် ထမ်းဆောင်နိုင်ရေးနှင့် လုပ်ငန်းခွင့်ကင်းကွာခဲ့သည့်ကာလကို လစာနှုန်းပြည့်စရိတ်တို့ ခံစားခွင့်ပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ဖြေကြားထားသည်။
ကလေးတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာယောဟန်ထွန်း၊ ပါမောက္ခ(ဌာနမှူး)များ ဖြစ်ကြသော ဒေါက်တာညိမ်းညိမ်းဝင်း၊ ဒေါက်တာကျော်စွာမင်း၊ ဒေါက်တာခင်မိမိဦး၊ ဒေါက်တာ မာမာဝေ၊ ဒေါက်တာသန်းထူးအောင်၊ ဒေါက်တာသိင်္ဂီနွယ်၊ ဒေါက်တာသိန်းစိုး၊ ဒေါက်တာစိုးခိုင်ကျော်၊ ဒေါက်တာနန်းနွယ်စန်း၊ ဒေါက်တာခင်မောင်လွင်နှင့် ဒေါက်တာကိုကိုနိုင်တို့ ၁၂ ဦးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ကလေးတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာယောဟန်ထွန်းနှင့် ဆရာ၊ဆရာမ ၁၂ ဦးတို့သည် ပြန်လည်လွတ်မြောက်လာပြီဖြစ်သဖြင့် အလုပ်တာဝန်များ ပြန်လည်ထမ်းဆောင်ခွင့်ပြုနိုင်ရေးအတွက် တင်ပြလာခဲ့ပြီး ယင်းတို့အနက် ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်းသည် သက်ပြည့်အငြိမ်းစားယူသွားပြီးဖြစ်သည်။
ကျန်ရှိသော ဆရာ၊ ဆရာမ ၁၁ ဦးသည် စစ်ဆေးတွေ့ရှိချက်များအရ အကြမ်းဖက်အဖွဲ့အစည်း၏ ဖမ်းဆီးခြင်းခံရသူဖြစ်ခြင်း၊ ၎င်းတို့၏ ပြုလုပ်မှု (သို့မဟုတ်) ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ မမျှော်မှန်းနိုင်သည့် အခြေအနေကြောင့်သာ အလုပ်ခွင်မှ ကင်းကွာခဲ့ခြင်းသာဖြစ်ပြီး “မရိုးသားခြင်း၊ နိုင်ငံတော်အပေါ်သစ္စာစောင့်သိမှုမရှိခြင်း၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသည့် လှုပ်ရှားမှုတစ်ခုခုတွင်ပါဝင်ခြင်း သို့မဟုတ် အားပေးကူညီခြင်းတို့အား ကျူးလွန်ခဲ့ခြင်းမရှိခဲ့”ကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တက္ကသိုလ်များတွင် ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေးနှင့် အလုပ်ခွင်မှကင်းကွာခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှစ၍ ကင်းကွာခဲ့သည့်ကာလကို လစာနှုန်းပြည့်စရိတ်တို့ခံစားခွင့် ပြုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ သဘောထားမှတ်ချက်များတောင်းခံပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားအပ်ပါသည်ဟု ဖြေကြားထားသည်။
ချင်း PDF များက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်သို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၇ နာရီခွဲခန့်တွင် အင်အား ၁၃၀ ဦးခန့်ဖြင့် ကလေးတက္ကသိုလ်အတွင်းသို့ တောင်ဘက်မှ ဝင်ရောက်၍ ရူပဗေဒနှင့် သတ္တဗေဒစာသင်ဆောင်တွင် ဆရာ/ဆရာမများ၊ ကျောင်း/ကျောင်းသူများနှင့် ရုံးဝန်ထမ်းများကို ဖမ်းဆီးထားရှိကြောင်း တာဝန်သိဝန်ထမ်းများ၏ သတင်းပေးပို့မှုအရ သိရှိရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အချိန်မီသွားရောက် ကယ်ဆယ်ခဲ့ရာ PDF များနှင့် အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး တက္ကသိုလ်၏ အရှေ့ဘက်နှင့် အရှေ့မြောက်သို့ ဆုတ်ခွာသွားရာ ကလေးတက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များမှ ဖမ်းဆီးခံထားရသည့် ဆရာ/ဆရာမများ၊ ကျောင်း/ကျောင်းသူများနှင့် ရုံးဝန်ထမ်း စုစုပေါင်း ၂၈၅ ဦးအား တပ်မတော်စစ်ကြောင်းက အချိန်မီပြန်လည်ကယ်ဆယ်နိုင်ခဲ့သော်လည်း အကြမ်းဖက်သမားအနေဖြင့် အချို့သော ဝန်ထမ်း၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (စိစစ်ဆဲ)တို့အား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
