၂၄. ၆. ၂၀၂၅
Written by Nyein Kyaw
ကမ္ဘာ့ရေနံဈေးမြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း လိုက်ပါမြင့်တက်လာချိန် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ထပ်မံထုတ်ရောင်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် သုံးကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းဒေါ်လာ ၉၃ သန်း၊ မေလတွင် သုံးကြိမ်ထုတ်ရောင်းပေးမှု စုစုပေါင်းဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ထုတ်ရောင်းပေးခဲ့သည်။
ယခုဇွန်လတွင်လည်း ယခုထုတ်ရောင်းပေးသည့် ဒေါ်လာသန်း ၃၀ အပါအဝင် လေးကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းဒေါ်လာ ၁၂၅ သန်း ထုတ်ရောင်းပေးထား၍ ယခုဘဏ္ဍာနှစ် နှစ်လခွဲကျော်တွင် ဒေါ်လာ ၃၀၄ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးထားသည်။
စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ သီးသန့်ထုတ်ရောင်းပေးနေမှုအပြင် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် ဒေါ်လာများကိုလည်း ဇွန်လ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တွင်လည်း ရောင်းချပေးခဲ့ပြီး အဆိုပါ သုံးရက်အတွင်း စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၁၃ သန်း ရောင်းချပေးထားသည်။
ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်း ပြီးခဲ့သည့် နှစ်ဆန်းပိုင်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများထက် တစ်လီတာလျှင် ကျပ် ၁၀ဝ မှ ကျပ် ၁၅၀ ခန့်အထိ သက်သာလျော့နည်းလျက်ရှိကြောင်း ဇွန်လ ၂၁ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ယနေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၂၉၆၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၀၃၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၅၀၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၁၀၀ ကျပ်ရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
