၂၄. ၆. ၂၀၂၅
Written by Nyein Kyaw
ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ တိုက်ခန်းနေရာအတွက် ဇွန်လ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် မဲနှိုက်ရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးထားသည်။
ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများအား ငွေလက်ငင်းအကြေပေးသွင်းခြင်းနှင့် သုံးလအတွင်း အရစ်ကျပေးသွင်းနိုင်သူများအား ရောင်းချပေးရန်အတွက် ရန်ကုန်မြို့ရှိ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ဖေဖော်ဝါရီလ ၂၁ ရက်အထိ လျှောက်လွှာများ ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ရောင်းချပေးခဲ့ရာ လျှောက်လွှာဝယ်ယူသူ ၃၀,၀၀၀ ကျော်ရှိသည့်အနက် ၂၈,၀၀၀ ကျော်ခန့်က အခန်းဝယ်ယူရန် လျှောက်လွှာပြန်လည်တင်ပြခဲ့ပြီး ကော်မတီမှစိစစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော လျှောက်လွှာများကို ပယ်ဖျက်ပြီး၊ သတ်မှတ်ချက်ကိုက်ညီသော လျှောက်လွှာ ၂၂,၂၄၆ စောင်ကို ဇွန်လ ၂၀ ရက်တွင် မဲနှိုက်ရွေးချယ်ခဲ့ပြီးဖြစ်သည်။
မဲနှိုက်ရွေးချယ်ခဲ့ပြီး တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ တိုက်ခန်းနေရာ မဲနှိုက်ရွေးချယ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်ချုပ်လမ်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန ဒုတိယထပ် အစည်းအဝေးခန်းမကြီးတွင် ဇွန်လ ၂၆ နံနက် ၉ နာရီခွဲတွင် အငြိမ်းစားဝန်ထမ်းများ၊ နေ့လယ် ၁ နာရီတွင် ပြည်သူများနှင့် ဇွန်လ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ဝန်ထမ်းများအတွက် မဲနှိုက်ရမည်ဖြစ်သည်။
တိုက်ခန်းဝယ်ယူခွင့် မဲပေါက်သူများအနေဖြင့် တိုက်ခန်းနေရာ မဲနှိုက်ရွေးချယ်ခြင်းကို ကိုယ်တိုင် မဲနှိုက်သွားရမည်ဖြစ်ပြီး ဇွန်လ ၂၄ ရက် (ယနေ့)မှစတင်ပြီး တစ်ဦးချင်းဆက်သွယ် အကြောင်းကြားသွားမည်ကြောင်း အသိပေးထားသည်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ ရောင်းချပေးမည့် တိုက်ခန်းများမှာ ၆ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၅၈၊ ၆၀၊ ၆၁၊ ၆၂၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇)တို့ရှိ အခန်းအကျယ် စတုရန်းပေ ၄၆၈ ပေရှိသော တိုက်ခန်းများနှင့် ၁၂ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၄၀၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၉၊ ၅၀) တို့ရှိ အခန်းအကျယ် စတုရန်းပေ ၃၂၄ ပေရှိသော အခန်းများဖြစ်ကြောင်း သိရသည်။
အဆိုပါ ရောင်းချပေးမည့် ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ၏ ဈေးနှုန်းများမှာ အခန်းအကျယ်နှင့် အထပ်အနိမ့်အမြင့်အပေါ် မူတည်ကာ တစ်ခန်းလျှင် ကျပ် ၁၂၅ သိန်းမှ ကျပ်သိန်း ၃၂၀ အထိရှိကြောင်း သိရသည်။






