April 29, 2024

◾️ပြည်သူ့နေအိမ်များကို ရှောင်ရှား၍ တိုက်ပွဲဖော်ဆောင်ရန် တိုက်တွန်း

၃၀. ၁. ၂၀၂၃
Written by Nay Moe

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင်းရှိ မွန်လူမျိုးအများစုနေထိုင်သည့် ကမ်းနီနှင့်အနီးတဝိုက်ရှိ ကျေးရွာများတွင် ဇန်နဝါရီလ ၂၄ ရက်၌ ဗိုလ်စောအယ်စေးပါး ဦးစီးသည့် Lion Battalion Commando ပူးပေါင်းစစ်ကြောင်းနှင့် ခမရ (၅၄၅) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွင်း နေအိမ်များ မီးရှို့ခံခဲ့ရသည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်၌ ဗိုလ်စောအယ်စေးဝါး ဦးဆောင်သည့် ပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကမ်းနီ ကျေးရွာတွင် အိမ်ခြေ (၂၁) လုံး၊ တိုက်ပွဲဖြစ်စဉ်ကြောင့် ညောင်ရိပ်ကျေးရွာတွင် အိမ်ခြေ (၁၈) လုံး မီးလောင် ပျက်စီးခဲ့ရသည်။ ထို့ပြင် တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ကမ်းနီကျေးရွာတွင် နေအိမ် (၃) လုံး၊ ညောင်ရိပ်ကျေးရွာတွင် နေအိမ် (၁) လုံး၊ သရက်တောကျေးရွာတွင်လည်း နေအိမ် (၇) လုံး အသီးသီး ထိမှန်ပျက်စီးခဲ့ရသည်။ တိုက်ပွဲ ဖြစ်စဉ်ကြောင့် ကျေးရွာသားနှစ်ဦး အနည်းငယ်ဒဏ်ရာ ရရှိခဲ့သည်ဟု မွန်ပြည်သစ်က ဆိုသည်။

ဖြစ်စဥ်ကို မြေပြင်ကွင်းဆင်းစစ်ဆေးရ ဗိုလ်စောအယ်စေးဝါး ဦးဆောင်သည့် Lion Battalion Commando ပူးပေါင်းစစ်ကြောင်းသည် ဇန်နဝါရီ ၁ ရက်မှစ၍ ကော့ပေါက်ကျေးရွာတဝိုက်၌ စတင်လှုပ်ရှားခဲ့သည်။ ဇန်နာဝါရီ ၂၁ ရက်တွင် ဗိုလ်စောအယ်စေးဝါး ဦးဆောင်သည့်အဖွဲ့မှ ကမ်းနီကျေးရွာအနီးရှိ ကော့ကျိုက်ကျေးရွာသို့ ရောက်ရှိနေသည်ဟု သတင်းရသဖြင့် ခမရ (၅၄၅) တပ်များလည်း ညောင်ရိပ်ကူးတို့ဆိပ်အား ဖြတ်၍ ကမ်းနီကျေးရွာအတွင်းသို့ ရောက်ရှိလာခဲ့သည်။ ဇန်နဝါရီ ၂၂ ရက် နံနက် (၁) နာရီအချိန်၌ ခမရ (၅၄၅) တပ်များ ကျေးရွာတွင်းမှ ဆုတ်ခွာသွားကာ မနီးမဝေး ကော့ကာကျေးရွာတွင် ခြေကုပ်ယူတပ်စွဲထားခဲ့သည်။ တပ်များ ကမ်းနီရွာတွင်းမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ဗိုလ်စောအယ်စေးဝါး ဦးစီးသည့်တပ်များ ကျေးရွာအတွင်းသို့ ချက်ချင်း ဝင်ရောက်နေရာယူခဲ့သည့် ထိုအခြေအနေကြောင့် ဇန်နဝါရီ ၂၂ ရက်ညတွင် ခမရ (၅၄၅)မှ အမြောက်ကြီးများဖြင့် ကမ်းနီနှင့် တံတားဦး ကျေးရွာဘက်သို့ စတင်ပစ်ခတ်ခဲ့သည်။

ဇန်နဝါရီ ၂၃ ရက်တွင် တပ်မှ ကမ်းနီကျေးရွာအား စတင်ချဉ်းကပ်ခဲ့ပြီး ရွာတွင်း၌ တပ်စွဲထားသည့် တစ်ဖက်အဖွဲ့နှင့် ထိတွေ့၍ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ထိုနေ့ ညပိုင်းတွင် ကမ်းနီကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအား Lion Battalion Commando ပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့မှ စတင်မီးရှို့ခဲ့သည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည်။ ဇန်နဝါရီ ၂၄ ရက်တွင် Lion Battalion Commando ပူးပေါင်း စစ်ကြောင်းတပ်ဖွဲ့မှ ကမ်းနီကျေးရွာတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်နေအိမ်အား စတင်၍ မီးရှို့ရာမှတစ်ဆင့် ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင်ကျွမ်း ပျက်ဆီးခဲ့ရသည်။ ထိုနေ့တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကမ်းနီကျေးရွာသားတစ်ဦးနှင့် သရက်တောကျေးရွာသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီ ၂၆ ရက်တွင် ဗိုလ်စောအယ်စေးဝါး ဦးဆောင်သည့် Lion Battalion Commando ပူးပေါင်း စစ်ကြောင်းတပ်ဖွဲ့မှ ကမ်းနီကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်အား ထပ်မံ မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုနေ့တွင် နှစ်ဖက်တပ်များအကြား ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲကြောင့် ညောင်ရိပ်ကျေးရွာအတွင်းရှိ နေအိမ် ၁၈ လုံး ကူးစက် မီးလောင်ခဲ့သည်။

ထိုဖြစ်စဉ်အပေါ် မွန်ပြည်သစ်ပါတီမှ စစ်ဘေးရှောင်များ အထောက်အပံ့ဖြစ်စေရန် ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ကာ မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာနမှ စစ်ရှောင်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအား တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိနေသည်။ တိုက်ပွဲဖြစ်စဉ်များကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည့် အနေအထား၌ ကျေးရွာသားများ ပိုင်ဆိုင်သည့် ဓန၊ ပစ္စည်း ၊ ဥစ္စာများအား ခိုးဆိုးလုယက်မှုများ မပေါ်ပေါက်စေရန် လုံခြုံရေးအစီအမံများချမှတ်၍ ကျေးရွာသားများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

တိုက်ပွဲ ဖြစ်စဉ်များအပြင် လတ်တလော၌ ပေါ်ပေါက်နေသည့် ကောလဟာလ သတင်းများကြောင့် ကြောက်ရွံ့နေကြသည့်ကျေးရွာသားများအား ဒေသတွင်းရှိ သတင်းအချက်အလက်အမှန်များ လက်လှမ်းမီစွာရရှိစေရန်အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လက်နက်ကိုင်တပ်များ အနေဖြင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များအား လေးစားလိုက်နာ၍ အများပြည်သူများ နေထိုင်သည့် ကျေးရွာများ၊ လူနေရပ်ကွက်များအား ရှောင်ရှား၍ လှုပ်ရှား၊ တိုက်ပွဲဖော်ကြရန်အတွက် အလေးအနက် တိုက်တွန်းကြောင်း မွန်ပြည်သစ်ပါတီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *