
၂၁. ၆. ၂၀၂၅
Written by Nyein Kyaw
ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဈေးနှုန်း တစ်လီတာ ကျပ် ၁၀၀ ကျော် မြင့်တက်လာမှုရှိသော်လည်း ယခု ၂၀၂၅ နှစ်ဆန်းပိုင်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၁၅၀ ခန့်အထိ လျော့နည်းလျက်ရှိကြောင်း ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်း ပြီးခဲ့သည့် နှစ်ဆန်းပိုင်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများထက် တစ်လီတာလျှင် ကျပ် ၁၀ဝ မှ ကျပ် ၁၅၀ ခန့်အထိ သက်သာလျော့နည်းလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကြိုတင်မှာယူထားသည့် အစီအစဉ်အတိုင်း ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများလည်း အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး အရန်ဆီများလည်း နှစ်ပတ်စာခန့်ရှိနေ၍ ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများလည်း ဈေးနှုန်းပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ရာ ဇွန်လ ၁၇ ရက်မှစတင်၍ အချို့စက်သုံးဆီဆိုင်များတွင် ဈေးနှုန်းများ ထုတ်ပြန်ထားခြင်းမရှိသည်ကို တွေ့ရှိရသည်။
ယမန်နေ့ ဇွန်လ ၂၀ ရက်တွင် စက်သုံးဆီဆိုင်များအားလုံး စက်သုံးဆီဈေးနှုန်းများ ထုတ်ပြန်လာသည်ကို တွေ့ရှိရပြီး ဓာတ်ဆီ ၉၂ တစ်လီတာ ၂၉၆၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၀၃၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၅၀၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၁၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။ လေးရက်အတွင်း စက်သုံးဆီအမျိုးအစားလိုက် တစ်လီတာ ကျပ် ၁၀၀ ကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာချိန်တွင် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် သီးသန့်နိုင်ငံခြားငွေ ထုတ်ရောင်းပေးခဲ့ရာ ယခုဘဏ္ဍာနှစ် နှစ်လခွဲကျော်တွင် ဒေါ်လာ ၂၇၄ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးခဲ့သည့်အပြင် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် ဒေါ်လာ ဒေါ်လာ ၃ ဒသမ ၃ သန်းကျော် ရောင်းချပေးထားသည်။