၂၁. ၆. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို တိုင်းနှင့်ပြည်နယ်များသို့ ပို့ဆောင်ခြင်း၊ စနစ်တကျထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးကိုကိုက ယမန်နေ့က ပြုလုပ်သည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် မှန်ကန်လွယ်ကူစေရန်နှင့် မဲမသမာမှုများမဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးစက်များအသုံးပြုမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိစေရေး စနစ်တကျသိမ်းဆည်း စီမံဆောင်ရွက်လျက်ရှိကြောင်း UEC ဥက္ကဋ္ဌက ပြောကြားသည်။
ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့်တစ်ခုအကြား သတ်မှတ်ကာလအတွင်း မဲပေးစက်များ လုံခြုံစွာစနစ်တကျ ရွှေ့ပြောင်းပေးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နည်းလမ်းများ ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် UEC ဥက္ကဋ္ဌက ပြောကြားသည်။
ယခု ၂၀၂၅ နှစ်ကုန်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲအများဆုံးရသူအနိုင်စနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံးကို အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိစာရင်းများအရ မြိုနယ်ပေါင်း ၂၆၇ မြိုနယ်တွင် ကျင်းပရန်ရှိကြောင်း UEC က ဇွန်လ ၆ ရက်တွင် ဖြေကြားထားသည်။
ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်များအတွက် FPTP နှင့် PR စနစ် နှစ်မျိုးလုံးဖြင့် မဲပေးရမည်ဖြစ်ပြီး ရွေးကောက်ပွဲကို နယ်မြေအခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ကျင်းပမည်ဖြစ်ကြောင်း UEC က ဖြေကြားထားသည်။
ထို့ပြင် ရွေးကောက်ပွဲ မဲပေးရမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် ( Myanmar Electronic Voting Machine (MEVM) ) စနစ်သည် အလွန်ရိုးရှင်းပြီး စိတ်ချရမှုရှိကြောင်းနှင့် မဲအရေအတွက် မှားခြင်းနှင့် ရလဒ်ပြင်ဆင်မည်ဆိုသည့်အပေါ် စိုးရိမ်ရန်မလိုအကြောင်း UEC က ဖြေကြားထားသည်။
