
MT News
၂၁. ၆. ၂၀၂၅
PDF များသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး/ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာအသုံးပြုနေသည့် လမ်းမကြီးများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ပြုလုပ်လျက်ရှိရာ ယခုလည်း လက်နက်ကြီးနှင့် ဝသုန္ဒရကျေးရွာကို ပစ်ခတ်မှုဖြစ်စဥ်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ခြောက်ဦးဒဏ်ရာရသွားခဲ့ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၉ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာအတွင်းသို့ PDF အဖွဲ့(စိစစ်ဆဲ)က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးဗုံးသီးများမှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးခင်မင်းဇော်(၅၈)နှစ်၊ ဦးစောထွန်း(၅၅)နှစ်၊ ဦးစိုးဇော်ဦး(၃၈)နှစ်၊ ဦးမြင့်ကို (၅၉)နှစ်နှင့် မဇူးရတနာကို(သုံးနှစ်)တို့ ငါးဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီတွင် မတ္တရာမြို့နယ်၊ လက္ကောင်းလေးကျေးရွာနေ ဦးသောင်းဌေး(၅၃)နှစ်သည် ကျေးရွာအရှေ့ဘက်ရှိ ချောင်း၌ ငါးဖမ်းရန်သွားစဉ် ကျေးရွာနှင့် သုံးဖာလုံခန့်အကွာအရောက် PDF အဖွဲ့(စိစစ်ဆဲ) ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးသောင်းဌေးတွင် ယာခြေသလုံး ပြတ်ထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ PDF အဖွဲ့(စိစစ်ဆဲ)က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲမှုနှင့် နင်းမိုင်းပေါက်ကွဲမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးကာ လိုအပ်ချက်များအပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


