၂၁. ၆. ၂၀၂၅
Translated by Thettant
ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ပြည်နယ်၊ ဖန်းခရိုင်တွင် မူးယစ်ဆေးသယ်ယူသူများနှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်ပွားမှုအတွင်း မူးယစ်မှောင်ခိုသမား နှစ်ဦးသေဆုံးပြီး မူးယစ်ဆေးပြား ၄ သိန်း ဖမ်းမိခဲ့မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်တွင် ထိုင်းဘုရင့်တပ်မတော် ချင်းမိုင်၊ ဖန်းခရိုင်မှ ဗိုလ်မှူးချုပ် ကီဒါကွန် ချန်ထရာသည် ဇွန်လ ၂၀ ရက်တွင် ချင်းမိုင်ခရိုင်၊ ဖန်းမြို့နယ်၊ မွန်ပင်ခရိုင်ခွဲ၊ နောင်တောင်ကျေးရွာအနီး နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကျပ်ရန် အမိန့်ပေးခဲ့သည်။ ထိုကြောင့် တပ်ခွဲ (၄) မှ အထူးစစ်ဆင်ရေးအဖွဲ့၊ ၅၀၁ အဖွဲ့ဝင်များသည် နယ်စပ်တစ်လျှောက် ကင်းလှည့်စဉ် မူးယစ်ဆေးဝါး သယ်ဆောင်လာသော လူ ၆ ဦးမှ ၈ ဦးခန့်ကို ကျောပိုးအိတ်များဖြင့် တွေ့ရှိခဲ့သည်။
ထိုင်းစစ်သားများက ရပ်တန့်ရန် အချက်ပြခဲ့သော်လည်း မူးယစ်ဆေးဝါး မှောင်ခိုသမားများက အမျိုးအမည်မခွဲခြားနိုင်သော လက်နက်များဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် ၁၀ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအပြီးတွင် ထိုင်းစစ်သားများ ထိခိုက်မှုမရှိဘဲ မူးယစ်ဆေးဝါး မှောင်ခိုသယ်ယူသူ ၂ ဦး သေဆုံးခဲ့သည်။
ကျန်ရှိသူများသည် မှောင်ရိပ်နှင့် ၎င်းတို့ကျွမ်းကျင်သည့် နယ်မြေကို အခွင့်ကောင်းယူကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ အခင်းဖြစ်ပွားရာနေရာမှ ICE (Crystal Methamphetamine) မူးယစ် စိတ်ကြွဆေးပြား ၄၀၀,၀၀၀ ပြားနှင့် လက်လုပ်သေနတ် နှစ်လက်ကို သိမ်းဆည်းရမိခဲ့သည်။
ထိုင်း အာဏာပိုင်များက အဆိုပါနေရာကို ထိန်းချုပ်ရန်နှင့် နယ်စပ်တစ်လျှောက် လုံခြုံရေးထပ်မံတင်းကျပ်ရန်အတွက် အင်အား ၃ ဖွဲ့ ထပ်မံစေလွှတ်ခဲ့ကာ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ချင်းမိုင်ပြည်နယ်သည် မြန်မာနိုင်ငံဘက်ခြမ်း ရှမ်းပြည်နယ်နှင့် အဓိက ထိစပ်နေပြီး အထူးသဖြင့် မူဆယ်၊ တာချီလိတ်၊ မိုင်းဆတ်၊ ကျိုင်းတုံမြို့များနှင့် နီးစပ်သလို ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဖြန့်သည်ဟု ကမ္ဘာသိပြောဆိုခံထားရသည့် “ဝ”လက်နက်ကိုင် UWSA ထိန်းချုပ်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်လည်း မိုင် ၁၅၀ ကျော်သာ ကွာဝေးသော ပထဝီအနေအထား ဆက်စပ်မှုရှိသည်။
Ref, Khaosod & daily news thai



