◾ အမေရိကန်သမ္မတထရန့်က အီရန်ကို နှစ်ပတ်သာအချိန်ပေးမည်ဆိုသော်လည်း အီရန်က နျူကလီးယားအစီအစဉ်ကိုရပ်တန့်ရန် ငြင်းပယ်ဆဲ
၂၁.၆.၂၀၂၅
Translated by Htwe Ko Tun
ဇွန်လ ၁၃ ရက်က စတင်ခဲ့တဲ့ အစ္စရေးနဲ့အီရန်တို့ရဲ့ စစ်ပွဲဟာ ကိုးရက်မြောက်နေ့ဖြစ်တဲ့ ဇွန်လ ၂၁ ရက် နံနက်အစောပိုင်းမှာလည်း နှစ်ဖက်အပြန်အလှန်တိုက်ခိုက်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ ဥရောပနိုင်ငံတွေက ဂျီနီဗာမြို့မှာ အီရန်နဲ့ညှိနှိုင်းမှုပြုခဲ့ကြရာမှာ အီရန်ဘက်က ယူရေနီယမ်သန့်စင်မှုလုပ်နိုင်စွမ်းကို ရပ်တန့်မပေးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတထရန့်ကလည်း အီရန်ကို နှစ်ပတ်ပဲအချိန်ရမယ်လို့ ခြိမ်းခြောက်မှုတွေရှိပေမယ့် အီရန်ကလည်း သူ့ရဲ့နျူကလီးယားအစီအစဉ်ကိုရပ်တန့်ဖို့ ဆွေးနွေးမှု မပြုနိုင်ဘူးလို့ ဇွန်လ ၂၀ ရက်က ငြင်းပယ်ခဲ့အပြီး စစ်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖြစ်နေတဲ့အခြေအနေတွေပေါ်တည်ပြီးတော့ သူ့အနေနဲ့ စစ်ပွဲရပ်ဆိုင်းအောင် ပြုလုပ်ကောင်းပြုလုပ်နိုင်မယ်လို့ ပြောခဲ့ပါတယ်။ ဒီမှာ အီရန်အစိုးရကတော့ ထရန့်အနေနဲ့ အစ္စရေးခေါင်းဆောင်တွေကို အီရန်အပေါ်လေကြောင်းတိုက်ခိုက်နေမှု ရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့ရင် အီရန်အနေနဲ့ သံတမန်ရေးဆွေးနွေးမှု ပြန်စနိုင်မယ်လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့အတွက် ဒီတောင်းဆိုချက်က ခက်ခဲပြီးမဖြစ်နိုင်ဘူးလို့ ထရန့်က ဆိုခဲ့ပါတယ်။
ဒီနောက်မှာတော့ ဇွန်လ ၂၁ ရက် အစောပိုင်းမှာ အစ္စရေးနိုင်ငံအလယ်ပိုင်းကို အီရန်က ဒုံးကျည်တွေ တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အဆောက်အအုံတွေ ထိမှန်မီးလောင်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီမီးလောင်မှုတွေမှာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့တော့ အစ္စရေးဘက်က ပြောခဲ့ပါတယ်။ ဇွန်လ ၂၀ ရက်က အီရန်ရဲ့ ဒုံးကျည်တွေ ပစ်ခတ်မှုမှာတော့ ဟိုင်ဖာမြို့မှာ လူ ၃ဝ ကျော် ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
အစ္စရေးကလည်း အီရန်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ဒုံးကျည်ပစ်လွှတ်တဲ့ စခန်းတွေကို ဇွန်လ ၂၁ ရက် နံနက် အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေပြန်လုပ်ခဲ့ပါတယ်။အမေရိကန်အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုကတော့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ပွဲအတွင်း အီရန်ဘက်က သေဆုံးသူ အနည်းဆုံး ၆၅၇ ဦးရှိပြီလို့ ဇွန်လ ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။
အီရန်နိုင်ငံပိုင်သတင်းဌာနကတော့ စစ်ပွဲအတွင်းသေဆုံးသူ အနည်းဆုံး ၆၃၉ ဦးရှိပြီလို့ပြောကြားထားပြီး အစ္စရေးအာဏာပိုင်တွေက သေဆုံးသူ ၂၄ ဦးရှိတယ်လို့ ဇွန်လ ၂၀ ရက်မှာ ပြောထားကြပါတယ်။
Ref-CNN, NDTV
