၂၀.၆.၂၀၂၅
Written By Zun
TNLA နယ်မြေလုယက် ထိန်းချုပ်ထားရာ ဒေသအတွင်း မိုင်းလုံ- ကျောက်မဲကြားရှိ နမ့်ကော်တံတား ယနေ့ ဇွန်လ ၂၀ ရက် နံနက် ၈ နာရီခန့်က ကျိုးကျခဲ့ကြောင်း သိရသည်။
တံတားမှာ အလွန်အကျွံ ကုန်တင်လာသည့်ယာဥ်များကြောင့် မိုးကာလမြေသားများ စိုဆွတ်နေချိန်ဖြစ်၍ ကျိုးကျခဲ့သည်ဟု ဆိုပြီး တံတားကျိုးကျသွားသည့်အတွက် လတ်တလောတွင် ယာဉ်ဖြတ်သန်းသွားလာ၍ မရတော့သဖြင့် ကုန်စည်စီးဆင်းမှု ယာယီပြတ်တောက်နေကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“ပြီးခဲ့တဲ့လက မိုးများကတည်းကပဲ မြေသားတွေ နူးအိနေတာ။ တံတားက ခံနိုင်အားလည်းမရှိဘူး။ ကုန်ကားတွေကလည်း ကုန်တွေအများကြီးတင်ပြီး ဖြတ်မောင်းတာ။ အခုတော့ကျိုးပြီ”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
အဆိုပါ နမ့်ကော်တံတားကျိုးကျသွားသည့်အတွက် လတ်တလောအနေဖြင့်ကျောက်မဲ-မိုင်းလုံ သွားလာရေးအဆက်အသွယ် မပြတ်တောက်စေရန် ရှောင်ကွင်းလမ်း ပြုလုပ်လျက်ရှိကြောင်းသိရသည်။


