◾️ ကိုယ်ပိုင်လုပ်ငန်းနှင့် လုပ်ငန်းခွဲများတွင် လုံခြုံရေးဝန်ထမ်း ၁၀ ဦးအထက် ခန့်ထားလိုသည့် လုပ်ငန်းရှင်များလည်း ခွင့်ပြုမိန့် လျှောက်ထားရမည်
၂၀. ၆. ၂၀၂၅
Written by Nyein Kyaw
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီများအနေဖြင့် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလိုင်စင်ကို သက်ဆိုင်ရာ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဇွန်လ ၁၉ ရက် (ယမန်နေ့)တွင် ပြုလုပ်သည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅)တွင် ပြောကြားသည်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄/ ၂၀၂၅) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၅ ပုဒ်မခွဲ (ခ) အရ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် လျှောက်ထားခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၈ ရက်တွင် ဗဟိုကော်မတီ၏ အမိန့်ကြော်ငြာစာ အမှတ်(၁၆/၂၀၂၅)ဖြင့် အတည်ပြု ထုတ်ပြန်ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေတွင် အခန်း (၁) မှ (၁၃) ထိပါဝင်ပြီး ဥပဒေပုဒ်မ ၁ မှ ပုဒ်မ ၅၅ ထိ ပြဋ္ဌာန်းထားကြောင်း၊ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီနှင့် လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်လျှောက်ထားခြင်း၊ ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ လိုင်စင်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေးများ၊ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ ပြည့်စုံစွာ သိရှိလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ဗဟိုကော်မတီက ၂၀၂၅ ခုနှစ် ဇွန် ၁၈ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် (၁၆/ ၂၀၂၅) ဖြင့် ထုတ်ပြန်ထားသော လိုင်စင်နှင့် ခွင့်ပြုမိန့်လျှောက်ထားခြင်းဆိုင်ရာ ညွှန်ကြားချက် လျှောက်လွှာပုံစံများနှင့် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက် ၁ မှ ၅၉ ထိ ပြည့်စုံစွာ ဖော်ပြထားပြီးဖြစ်သည်။
ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီများသည် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလိုင်စင်ကို ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ကိုယ်ပိုင်လုပ်ငန်းနှင့် လုပ်ငန်းခွဲများတွင် လုံခြုံရေးဝန်ထမ်း ၁၀ ဦးအထက် ခန့်ထားလိုသည့် လုပ်ငန်းရှင်များသည် ခွင့်ပြုမိန့်ကို သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီက လျှောက်လွှာများကို သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ/မရှိ စိစစ်၍ ညီညွတ်မှုရှိသည့် လျှောက်လွှာများကို သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကြီးကြပ်ကွပ်ကဲရေးကော်မတီများက လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ကို လျှောက်ထားသူထံ ထုတ်ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်မည့် ကုမ္ပဏီများအား နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူတို့၏ အေးချမ်းသာယာရေးကို အထောက်အကူပြုစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုများ ဖြစ်လာစေရန်အတွက် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးအဖွဲ့များက ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
