၂၀.၆.၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းရာတွင် နိုင်ငံ့ဝန်ထမ်းအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်လိုပါက ပေးအပ်နိုင်မည့်အချက်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေတွင် ထည့်သွင်းပြဌာန်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄၀/၂၀၂၅) ဖြင့် ဇွန်လ ၁၉ ရက် (ယမန်နေ့)တွင် ပြင်ဆင် ပြဌာန်းလိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး အဆိုပါဥပဒေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၄ ကို ယခင်က “ကော်မရှင်သည် ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဂ) အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူ ပုဂ္ဂိုလ်အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည်။ ယင်းအဖွဲ့ဝင်များထဲမှ တစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ရမည်။ လိုအပ်လျှင် နိုင်ငံ့ဝန်ထမ်းများကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းနိုင်သည်။”ဟု ပြဌာန်းခဲ့ရာမှ အစားထိုးပြင်ဆင်ရာတွင် “ ကော်မရှင်သည် ပုဒ်မ ၁၀ ပုဒ်မခွဲ(ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့် ဖြစ်စေ အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည်။ ယင်းပုဂ္ဂိုလ်များအနက် သင့်လျော်သူတစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ရမည်။” ဟု ပြင်ဆင် ဖော်ပြထားချက်အရ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းရာတွင် နိုင်ငံ့ဝန်ထမ်းကို မဖြစ်မနေ ထည့်သွင်းရတော့မည်ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်လိုပါက ပေးအပ်နိုင်မည့်အချက်အဖြစ်ပါ ပြင်ဆင်ပြဌာန်းလိုက်ခြင်းဖြစ်သည်။
