၂၀.၆.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပဲခူးလမ်းရပ်ကွက်၊ ရန်ကုန်-ပဲခူးကားလမ်းမပေါ်တွင် ဇွန်လ ၁၈ ရက် ည ၁၀ နာရီခန့်က ဒူးရင်းသီးများတင်ဆောင်လာသော မော်တော်ယာဥ်နှင့် ဆိုင်ကယ်တို့တိုက်မိရာက ဆိုင်ကယ်စီးလာသော မိသားစုလေးဦးအနက် သားအဖ သုံးဦးသေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မင်္ဂလာဒုံကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
“ကားနဲ့ဆိုင်ကယ်တိုက်ကြတာ။ ဆိုင်ကယ် ၂ စီး၊ လက်တွန်းလှည်းတစ်စီး၊ တက္ကစီတစ်စီးပါ ထိသွားတယ်။ ကလေးတွေအဖေက ဆေးရုံရောက်ပြီး ခဏအကြာမှာပဲဆုံးတယ်။ ကလေးတွေလည်း ဆေးရုံမှာ ဆုံးကြတာ။ ဆိုင်ကယ်စီးလာတဲ့ မိသားစုက မှော်ဘီကပါ”ဟု မင်္ဂလာဒုံကြက်ခြေနီသူနာပြုအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုကြောင့် ဖခင်ဖြစ်သူမှာ ခေါင်း၊ လက်နှင့်ခြေထောက်တို့တွင် ပွန်းပဲ့ဒဏ်ရာများ၊ဝမ်းဗိုက် ပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် ယောကျာ်းလေးနှင့် လသားအရွယ် ယောကျ်ားလေးတို့မှာလည်း သေဆုံးခဲ့ကာ မိခင်ဖြစ်သူတွင်လည်း ဦးခေါင်းထိခိုက်ဒဏ်ရာ၊ နှုတ်ခမ်းကွဲ၊ ခြေသလုံးထိခိုက်ဒဏ်ရာတို့ရရှိခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုနှင့် ပတ်သက်၍ ဒူးရင်းသီးများတင်ဆောင်လာသည့် ယာဥ်မောင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကြက်ခြေနီအဖွဲ့ဝင်များက ရှေးဦးပြုစုကာ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။






