
၁၉. ၆. ၂၀၂၅
Written by Nay Moe
NLD CEC တစ်ဦးဖြစ်သူ ဦးအောင်ကြည်ညွန့် မွေးထုတ်ထားသော CRPH, NUG နှင့် PDF တို့က နိုင်ငံ့ဝန်ထမ်းများကို အရေးယူမှုနှင့် ဆရာ၊ ဆရာမများကို ရက်စက်စွာ လိုက်လံ ဖမ်းဆီး သတ်ဖြတ်မှုပြုနေသော်လည်း ဗိုလ်နဂါး၏ BNRA ကမူ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို အနှောင့်အယှက်ပေးမည်မဟုတ်ကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ထုတ်ပြန်ကြေညာထားသည်။
၂၀၂၁ နွေဦးတွင် စတင်ခဲ့သည့် တော်လှန်ရေး၊ နိုင်ငံရေးသည် (၅) နှစ်တာကာလအတွင်းသို့ ရောက်ရှိခဲ့ပြီဖြစ်ကာ ကောင်းမွန်တိုးတက်သော အနာဂတ်တိုင်းပြည်အဖြစ်သို့ ရောက်ရှိရေး ဆက်လက်ကြိုးပမ်းကြရဦးမည်လည်း ဖြစ်ပြီး ယခင်ထက်ပိုမိုကောင်းမွန်သော တိုင်းပြည်၏ သမိုင်းကောင်းတစ်ခေတ်ကို ဖန်တီးနိုင်ရေးကြိုးပမ်းအားထုတ်နေချိန်တွင် ကျောင်းသားလူငယ်များ၏ ပညာရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုသည် အခက်အခဲများစွာကြားမှ “ရှိတာနှင့် လှအောင်ဝတ်” ဆိုသကဲ့သို့ ဖြတ်သန်းနေကြရသည်မှာ စစ်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအသိပင်ဖြစ်သည်ဟု BNRA ကဆိုသည်။
ထို့အပြင် “ကျောင်းသားလူငယ်များ၏ ပညာရေး
နှင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ” သည် တိုင်းပြည်၏ “ပစ္စုပ္ပန်နှင့် အနာဂတ်” ဖြစ်ပြီး
ပိုမိုကောင်းမွန်သောတိုင်းပြည်၏ အနာဂတ် ကြိုးစားဖန်တီးရာတွင် အရေးပါသော ကျောင်းသားလူငယ်များ၏ ရှေ့ရေးကို မျှော်တွေး၍ “ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ” မှ တာဝန်ထမ်းဆောင်သူများ၏ ရွေးချယ်မှုအပေါ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) မှ အနှောင့်အယှက်၊အဟန့်အတား ပြုလုပ်သွားမည်မဟုတ်ဘဲ နားလည်မှုပေးသွားမည်ဖြစ်သည်ဟု BNRA က ဆိုသည်။
ထို့အတူ “ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ” မှ တာဝန်ထမ်းဆောင်သူများအနေဖြင့် အခက်အခဲများ၊ ထိခိုက်မှုများ ကြုံရလျှင်လည်း လက်လှမ်းမီသမျှ၊ တတ်စွမ်းသမျှ ကြိုးပမ်းအားထုတ်ဖေးမသွားမည်ဖြစ်သည်ဟုလည်း BNRA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NLD ၏ CEC ဦးအောင်ကြည်ညွန့်ဦးဆောင်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) သည် “အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဥပဒေတွင် CRPH, NUG နှင့် PDF တို့ကို လက်မခံသည့် လက်ရှိတာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများကို အရေးယူမည်ဆိုသည့်အပေါ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီး လက်ခုပ်သံချူသည့် CRPH က ဖြစ်လာသမျှအကျိုးဆက် တာဝန်ခံရမည်ဟုပါ သတိပေးလိုက်သလို တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ Representative Committee of University Teacher Associations (RC of UTAs) ကပါ CRPH ၏ လုပ်ရပ်သည် အနာဂတ်နိုင်ငံတော်အတွက် အန္တရာယ်ကြီးသည့် နိုင်ငံရေးအမြတ်ထုတ်မှုဟု ပြင်းပြင်းထန်ထန်ကန့်ကွက်ကာ ထပ်မံရှုတ်ချ ထုတ်ပြန်လာအပြီး BNRA ကပါ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို မနှောင့်ယှက်ပါဟု ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။
