
၁၉. ၆. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ အီဆန်ဒေသ၊ ဘူရီရမ်ပြည်နယ်က နေအိမ်တစ်အိမ်မှာ အသက် ၁၅ နှစ်အရွယ် ထိုင်းလူငယ်လေးတစ်ဦးဟာ သူ့ကို ၈ နှစ်ကြာ ကိုယ်ထိလက်ရောက် အနိုင်ကျင့်ရိုက်နှက်ပြီး အိမ်တွင်းအကြမ်းဖက်နေတဲ့ ဖခင်အရင်းကို သေနတ်နဲ့ ရှစ်ချက် ပစ်သတ်မှု ပြုခဲ့ပါတယ်။
ဇွန်လ ၁၈ ရက် ည ၇ နာရီ ၄၅ မိနစ်မှာ သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လမ်ပလိုင်မတ်ရဲစခန်းက အရာရှိတွေဟာ ဘူရီရမ်မြို့၊ လမ်ပလိုင်မတ်ခရိုင်၊ ဘန်နောင်ဟွာချန်ပတ်တာနာရပ်ကွက်က ပစ်ခတ်မှုဖြစ်ပွားတဲ့နေအိမ်မှာ ကျူးလွန်သူ လူငယ်ကို ဖမ်းဆီးခဲ့ပါတယ်။
ဒဏ်ရာရရှိခဲ့သူ ဖခင်ဖြစ်တဲ့ အသက် ၅၁ နှစ်အရွယ် ချောက်ဆန်ဟာ ညာဘက်လက်မောင်းအောက်မှာ သေနတ်ဒဏ်ရာရရှိထားပြီး စိုးရိမ်ရတဲ့အခြေအနေနဲ့ ဘူရီရမ်ဆေးရုံကို အလျင်အမြန် ပို့ဆောင်ခဲ့ရပါတယ်။ ပစ်ခတ်သူဟာ ဖခင်ကိုရှစ်ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ယူဆရပြီး ကျည်တစ်တောင့်သာ ထိမှန်ခဲ့လို့ အသက်မဆုံးခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဆယ်ကျော်သက်ဟာ ၈ နှစ်သားအရွယ်ကတည်းက ဖခင်ချောက်ဆန်ရဲ့ ရက်စက်ကြမ်းကြုတ်စွာ အနိုင်ကျင့်မှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးနောက်မှာ မကျေနပ်စိတ်နဲ့ အခုလိုပစ်ခတ်တာလို့ ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့ပါတယ်။ ဖခင်ဖြစ်သူက သူ့ကို ပုံမှန်ရိုက်နှက်တာ၊ ကန်ကျောက်တာ၊ ထိုးကြိတ်တာတွေ ပြုလုပ်ခဲ့ပြီး အခြားမိသားစုဝင်တွေကလည်း တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။
နှိပ်စက်ခံသားအရင်းက သေနတ်နဲ့ပစ်ခတ်မှုမဖြစ်မီမှာ ချောက်ဆန်ဟာ သူ့ဇနီးဖြစ်တဲ့ သားငယ်ရဲ့ မိခင်ရှေ့မှာကို ထပ်မံ ရိုက်နှက်ခဲ့ကြောင်း သိရပြီး မိခင်ဖြစ်သူဟာလည်း တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီရိုက်နှက်မှုနောက်မှာ ဆယ်ကျော်သက်သားငယ်ဟာ သူ့မိဘတွေရဲ့ အိပ်ခန်းထဲ ခိုးဝင်ပြီး ဖခင်ရဲ့ 9 mm ပစ္စတိုကို ယူဆောင်ကာ ကျည်ဖြည့်နည်းကို Youtube မှာကြည့်လို့ ဖခင်ကို အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့တာပါ။
ဒါပေမဲ့လည်း သူဟာ နှိပ်စက်တဲ့ဖခင်ကို သေနတ်နဲ့ဘယ်နှစ်ချက်ပစ်ခဲ့လည်း မမှတ်မိသလို သူမှတ်မိတဲ့နောက်ဆုံးအရာက သူ့ကိုနှိပ်စက်နေတဲ့ ဖခင်ဖြစ်သူဟာ အသက်ဘေးကလွတ်အောင် ထွက်ပြေးသွားတာကိုပါ။

ပစ်ခတ်သူရဲ့ အဘွားဖြစ်သူ အသက် ၆၃ နှစ်အရွယ် နွိုင်က Channel 7 ကို ပြောကြားရာမှာ သမက်ဖြစ်သူ ချောက်ဆန်နဲ့ သူမရဲ့သမီးတို့မှာ သားသမီး ၄ ဦးရှိပြီး ပစ်ခတ်သူက အကြီးဆုံးသားပါ။ ချောက်ဆန်ဟာ မိသားစုထဲမှာ သားအကြီးဆုံးကိုပဲ အနိုင်ကျင့်တာဖြစ်ပြီး ကျန်တဲ့မောင်နှမတွေကိုတော့ ရိုက်နှက် နှိပ်စက်မှုမပြုပါဘူး။ နွိုင်နဲ့ သူမသမီးဖြစ်သူက ချောက်ဆန်ရိုက်နှက်နှိပ်စက်တာကို အရင်တုန်းက ဝင်ရောက်တားဆီးဖို့ ကြိုးစားခဲ့မှုကလည်း မအောင်မြင်ခဲ့ပါဘူး။
ဒါ့အပြင် အဆိုးဆုံးအဖြစ် မြေးဖြစ်သူဆယ်ကျော်သက်ဟာ ဖခင်အရင်းက ရိုက်နှက်လို့ မျက်ခုံး၊ ဦးခေါင်းကွဲကာ ပါးစပ်မှာ သွားတွေကျိုးကုန်တဲ့အထိ ဒဏ်ရာများစွာ ရရှိခဲ့ပြီး ရက်သတ္တပတ်များစွာ အစာမစားနိုင်ဖြစ်ခဲ့တာကိုတွေ့ခဲ့ရတယ်လို့ ပြောဆိုခဲ့သလို ရိုက်နှက်မှုတစ်ခုကြောင့်လည်း မျက်လုံးတစ်ဖက်ကွယ်လုနီးပါး ဖြစ်ခဲ့တာကို ထုတ်ဖော်ပြောခဲ့ပါတယ်။
ဒါ့အပြင် သူမရဲ့မြေးက ဖခင်ကို ပြန်သတ်တဲ့ အဖြစ်အပျက်မဖြစ်ပွားမီ ဆယ်ရက်အလိုက သူမထံ ချဉ်းကပ်လာပြီး “ဘာလို့ ကျွန်တော် ဒီလို နှိပ်စက်ခံရတာလဲ”လို့ မေးခဲ့တဲ့အပြင် “လူသတ်ရင် ဆိုးရွားတဲ့အပြစ် ဖြစ်မလား” လို့လည်း မေးခဲ့ပါတယ်။ နွိုင်က မြေးဖြစ်သူဟာ ဖခင်ကို သတ်တော့မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်ခဲ့ပြီး ဖခင်ဖြစ်သူချောက်ဆန်ဟာ မိသားစုကို ထောက်ပံ့ဖို့ ကြိုးစားလုပ်ကိုင်နေကြောင်း ပြောကြားကာ တားဆီးဖို့ ကြိုးစားခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

လမ်ပလိုင်မတ်ရဲစခန်းက ရဲမှူးကြီး ဝချီရာဝစ် ဝမ်သာနီက မီဒီယာတွေကို ပြောကြားရာမှာ အဆိုပါ ဆယ်ကျော်သက်ကို ပြစ်မှုတစ်စုံတစ်ရာ မစွဲသေးကြောင်း၊ ပစ်ခတ်သူက သေနတ်ဟာ သူ့ဖခင်ပိုင်ဆိုင်တယ်လို့ပြောပေမဲ့ အခြားတစ်ဦးအမည်နဲ့ မှတ်ပုံတင်ထားတာကို တွေ့ရှိခဲ့ကြောင်း၊
ရဲတပ်ဖွဲ့က သေနတ်ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဆက်လက်စုံစမ်းနေတဲ့အပြင် ဆယ်ကျော်သက်လူငယ်ကို ဥပဒေကြောင်းအရ ဘယ်လို အရေးယူမှုမျိုးကိုမဆို မဆုံးဖြတ်မီ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့အတူ အသက်မပြည့်သေးတဲ့ကလေးငယ်မို့ အသေအချာထပ်မံစစ်ဆေး မေးမြန်းမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
သားအရင်းကို ရှစ်နှစ်ကျော် အိမ်တွင်းအကြမ်းဖက်ခဲ့တာကြောင့် သားဖြစ်သူက သေနတ်နဲ့ ပြန်အပစ်ခံရတဲ့ ချောက်ဆန်ကတော့ အသက်ဆုံးရှုံးမှုမရှိဘဲ အခြေအနေ တည်ငြိမ်လာပေမဲ့ ဆေးရုံမှာ ဆက်လက်ကုသမှု ခံယူဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။
Ref, The Thaiger
