
၁၉. ၆. ၂၀၂၅
Written by Nyein Kyaw
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော မြောင်းမြမြို့ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူအချင်းချင်း ဝိုင်းဝန်းရိုက်နှက်ခဲ့မှုနှင့် ပတ်သက်၍ ခရိုင်ပညာရေးမှူးဦးဆောင်ပြီး ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာနမှ ယနေ့တွင် ဖြေကြားထားသည်။
ယခုဇွန်လ ၁၈ ရက်တွင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည့် ကျောင်းသူအချင်းချင်း ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ဗီဒီယိုဖိုင်နှင့် ပတ်သက်ပြီး မည်ကဲ့သို့ အရေးယူသွားရန်ရှိကြောင်း မီဒီယာများက မေးမြန်းမှုအပေါ် ပညာရေးဝန်ကြီးဌာနက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားထားရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅ ခုနှစ် ဇွန်လ ၁၈ ရက်တွင် Social media ပေါ်တွင် ပျံ့နှံ့နေသော ကျောင်းသူများ ရန်ဖြစ်နေသည့် ဗီဒီယိုဖိုင်သည် ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် ကျောင်းချိန်ပြင်ပတွင် ဖြစ်ပွားခဲ့သော ဗီဒီယိုဖိုင်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ရန်ဖြစ်သော ကျောင်းသူနှင့် အုပ်ထိန်းသူမိဘများကို ခေါ်ယူတွေ့ဆုံပြီး မေးမြန်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဗီဒီယိုဖိုင်တွင် ပါရှိသော အရိုက်ခံရသည့် Grade-6 ကျောင်းသူအား ရိုက်နှက်ခဲ့သည့် Grade-7 နှင့် Grade-9 ကျောင်းသူ(၂)ဦးတို့အား သေချာစွာစစ်ဆေးမေးမြန်းပြီး အရိုက်ခံရသည့်ကျောင်းသူမှာ နစ်နာသူဖြစ်၍ အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိပါကြောင်း ဖြေကြားထားသည်။

ရိုက်နှက်ခဲ့သည့် Grade-7 နှင့် Grade-9 ကျောင်းသူ(၂)ဦးနှင့် ဖြစ်စဉ်အား ဗီဒီယိုရိုက်ပေးသော Grade-7 ကျောင်းသားတို့အား ကျောင်းစည်းကမ်းဖောက်ဖျက်ခြင်းကြောင့် ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အုပ်ထိန်းသူမိဘများထံ ပြန်လည်အပ်နှံခဲ့ကြောင်းနှင့် နောက်နောင် ယခုကဲ့သို့ကိစ္စမျိုး ထပ်မံမဖြစ်စေရန် အသိပေး၍ လက်မှတ်ရေးထိုးစေခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။
ယခု ဖြစ်စဉ်သည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ ယခုကဲ့သို့ ပြဿနာမျိုး ထပ်မံမဖြစ်ပွားစေရန် ကျောင်းစည်းကမ်းအတိုင်း ဆောင်ရွက်နေပါကြောင်းနှင့် စုံစမ်းဆဲ အမည်မသိအကောင့်(Account)တစ်ခုက ယခင်နှစ် ဗီဒီယိုဖိုင်အား ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင် Social media ပေါ်သို့ ထပ်မံတင်ပြခဲ့ခြင်းသာဖြစ်ကြောင်း ဖြေကြားထားသည်။
သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသူများ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် ရန်ဖြစ်သည့်ဗီဒီယိုဖိုင် Social media ပေါ်၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင် ပျံ့နှံ့နေသည့်ကိစ္စနှင့်စပ်လျဉ်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် မြောင်းမြခရိုင်ပညာရေးမှူး ဦးဌေးဝင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ဖြင့် ဖြစ်စဉ်အား စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားထားသည်။
