၁၈.၆.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်းရှိ မီးတောင် လီဝိုတိုဘီ လာကီ လာကီက ဇွန်လ ၁၇ ရက်ညနေ ၅ နာရီ ၃၅ မိနစ်အချိန်တွင် စတင်ပေါက်ကွဲ၍ ပြာပူများကို မီးတောင်ဝမှ ၆ ဒသမ ၈ မိုင်(၁၁ ကီလိုမီတာ) အမြင့်ရောက်အောင် မှုတ်ထုတ်လျက်ရှိရာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသည့် Flores ကျွန်း ကောင်းကင်ယံတွင် ပြာမှုန်များဖြင့် ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။
မီးတောင်ပေါက်ကွဲမှုကြောင့် ဘာလီကျွန်းသို့ လေယာဉ်ပျံသန်းမှုခရီးစဉ်များစွာကိုလည်း ဖျက်သိမ်းခဲ့ရသည်။ ၎င်းတို့တွင် ဂျာကာတာနှင့် လုံဘုက်မြို့သို့ ပြည်တွင်းခရီးစဉ်များအပြင် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ နယူးဇီလန်နှင့် စင်ကာပူနိုင်ငံများသို့ ပြည်ပလေကြောင်းခရီးစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
တာဝန်ရှိသူများကလည်း မီးတောင်ပေါက်ကွဲမှုကြောင့် နိုင်ငံ၏အမြင့်ဆုံး သတိပေးလှုံ့ဆော်မှုကို ပြုလုပ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများကို မီးတောက်ပေါက်မှုမှ ဝေးရာတွင် နေထိုင်ကြရန်တိုက်တွန်းထားသည်။
အဆိုပါမီးတောင်ပေါက်ကွဲမှုက နှစ်နာရီအတွင်း သိသာလှသော မီးတောင်လှုပ်ရှားမှု အကြိမ် ၅၀ ဖြစ်ပွားအပြီးတွင် စတင်ပေါက်ကွဲခြင်းဟု သိရသည်။ အမြင့်ပေအားဖြင့် ၅,၁၉၇ ပေရှိသော အဆိုပါ မီးတောင်က ဇွန်လ ၁၈ ရက် နံနက်တွင်လည်း ဒုတိယအကြိမ်ထပ်မံပေါက်ကွဲခဲ့ရာ ပြာမှုန်များကို သုည ဒသမ ၆၂ မိုင်(တစ်ကီလိုမီတာ) သို့ လွှင့်ထုတ်ခဲ့သေးကြောင်း သိရသည်။
မီးတောင်အနီးနေထိုင်သူများစွာကိုလည်း တာဝန်ရှိသူများက ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ကြသည်။ ဘာလီကျွန်းနှင့် ကိုမိုဒိုအမျိုးသားဥယျာဉ်တို့သို့ အလည်လာရောက်ရန်ရှိသော ကမ္ဘာလှည့်ခရီးသွား ၁,၀၀၀ ကျော်မှာလည်း မီးတောင်ပေါက်ကွဲမှုကြောင့် ၎င်းတို့၏ခရီးစဉ်များကိုဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
မီးတောင် လီဝိုတိုဘီ လာကီ လာကီက မေလအတွင်းက နောက်ဆုံးပေါက်ကွဲခဲ့ကာ ထိုစဉ်ကပင် အာဏာပိုင်များက အပြင်းထန်ဆုံးအဆင့်သို့ သတိပေးနှိုးဆော်ခဲ့သည်။
လူဦးရေ သန်း ၂၇၀ ရှိအင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ရှင် ၁၂၀ ရှိရာ ၎င်းတို့က မကြာခဏဆိုသလိုပင် မီးတောင်လှုပ်ရှားမှုများ ဖြစ်ပေါ်တတ်သည်။
Ref- CNA
