၁၈.၆.၂၀၂၅
Written by Thiri
ဇွန်လ ၈ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ကိုဗစ် – ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၂ ဦးတွေ့ရှိထားကြောင်း ဇွန်လ ၁၆ ရက်က ကြေညာခဲ့ပေမဲ့ ဒီနေ့ဇွန်လ ၁၈ ရက်နေ့မှာတော့ ကိုဗစ်အတည်ပြုလူနာတွေထဲကမဟုတ်ဘဲ မကွေးဆေးရုံကြီးမှာ ကုသမှု ခံယူနေရင်း သေဆုံးခဲ့သူတစ်ဦးဆီမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။
အဆိုပါလူနာက မကွေးတိုင်းအတွင်း တွေ့ရှိထားတဲ့ အတည်ပြုလူနာ ခုနစ်ဦးထဲကမဟုတ်ဘဲ တောင်တွင်းကြီးမြို့နယ်က အသက် ၃၁ နှစ်အရွယ် ကိုဘိုဘိုဝင်းလို့ သိရပါတယ်။ မကွေးတိုင်းအတွင်း ဂန့်ဂေါမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦး တွေ့ရှိထားတယ်လို့ ကျန်းမာဝန်ကြီးဌာနက ဇွန်လ ၁၆ ရက်နေ့ ည ၈ နာရီမှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
လူနာရုပ်အလောင်းကို မကွေးဆေးရုံကြီးကနေ သွားရောက်သယ်ယူခဲ့တဲ့ မြေပြင်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ဘာရောဂါနဲ့ ဆေးရုံတက်နေလဲတော့ ကျွန်တော်တို့မသိပါဘူး။ သေဆုံးသူမှာ ကိုဗစ်ရောဂါပိုးရှိတယ်ဆိုတာကြောင့် သေချာထုပ်ပိုးပြီး သုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ နေ့တွင်းချင်းပဲ ဆောင်ရွက်ခဲ့ရတာပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုလူနာတွေက မွန်ပြည်နယ်မှ ၂၄ ဦး၊ ရန်ကုန်တိုင်းမှ ၁၇ ဦး၊ မကွေးတိုင်းမှ ၇ ဦး၊ မန္တလေးတိုင်းမှ ၂ ဦး၊ နေပြည်တော်မှ ၁ ဦး၊ ရှမ်းပြည်နယ်မှ ၁ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။
လတ်တလောမှာ မိမိတို့နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား၊ သေဆုံးမှုတွေကြောင့် စိုးရိမ်ဖွယ်ရာအခြေအနေမရှိပေမယ့် ရောဂါဖြစ်ပွားမှုကနေကြိုတင်ကာကွယ်နိုင်ဖို့အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနဲ့ အသက်ဆုံးရှုံးနိုင်ခြေမြင့်မားတဲ့ အသက် ၆၀ နဲ့အထက် အသက်အရွယ်ကြီးသူတွေ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင်ကာလ ၃ လနဲ့ အထက် ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေးအစီအစဉ်နဲ့ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမှာဖြစ်တာကြောင့် ကာကွယ်ဆေးထိုးနှံကြဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။




