April 29, 2024

၃၀. ၁. ၂၀၂၃
Written by Ye Kyaw

အိန္ဒိယနိုင်ငံမှ ဆေးဝါးစက်ရုံများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဇန်နဝါရီ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်းနှင့် တွေ့ဆုံစဥ် တိုက်တွန်းပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ဆေးပညာရပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်သောနိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ဆေးပညာရှင်များ မြန်မာနိုင်ငံသို လာ‌ရောက်၍ မြန်မာဆေးပညာရှင်များနှင့် ပူးပေါင်းကာ ဆေးကုသမှုများ ဆောင်ရွက်ရန်နှင့် ဆေးဝါးစက်ရုံများ တည်ထောင်၍ ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိပြည်သူများ အရည်သွေးပြည့်ဝသော ဆေးဝါးများ လက်လှမ်းမီရရှိစေရန် အိန္ဒိယနိုင်ငံထုတ် ဆေးဝါးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံများတွင် အသုံးပြုနိုင်ရေး နိုင်ငံတော်ဘတ်ဂျက်ဖြင့် နှစ်စဥ်ဝယ်ယူဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလည်း တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများ သွင်းကုန်လိုင်စင် လျှင်မြန်စွာရရှိရေး၊ ပြည်သူများဘေးကင်းလုံခြုံစိတ်ချစွာဖြင့် အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံအတွင်း အိန္ဒိယနိုင်ငံမှ လာ‌ရောက်ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီပေါင်း ၃၆ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၇၇၀ ကျော်သာရှိကာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ၏ တစ် ရာခိုင်နှုန်းအောက်သာရှိ‌‌‌ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News