April 28, 2024

MT News

Written by Nay Aung

ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုများကြောင့် ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများသည် ဇန်နဝါရီ ၂၈ရက်နေ့ နေ့လည်ပိုင်းက ၎င်းတို့ကို မိခင်နိုင်ငံထံ ပြန်ပို့ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများသည် အမှုပြီးသွားသော်လည်း ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည့်အတွက် အဝတ်စတွင် မိခင်နိုင်ငံသို့ ပြန်ပို့ရန် တောင်းဆိုသည့် စာသားရေးသားဖော်ပြကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ထိုင်းအာဏာပိုင်များကလည်း အဆိုပါမြန်မာနိုင်ငံသားများသည် မိခင်နိုင်ငံသို့ ပြန်လိုသော်လည်း အခက်အခဲရှိနေဆဲဖြစ်ကြောင်း အတည်ပြုပြောဆိုထားသည်။

ထိုင်းအစိုးရတာဝန်ရှိသူများသည် ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် သို့မဟုတ် ပြန်ပို့နိုင်ရေးတွန်းအားပေးဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံသားများသည် ထိန်းသိမ်းရေးစခန်းတွင် ၄ လမှ ၆ လကြာချိန်အထိ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသားများသည် ထိန်းသိမ်းရေးစခန်းတွင် လအတန်ကြာ ဆက်လက်ထိန်းသိမ်းခံနေရခြင်းကို စိတ်ဆိုးဒေါသဖြစ်နေကြောင်း၊ ရနောင်းထိန်းသိမ်းရေးစခန်းတွင် မြန်မာနိုင်ငံသား ရာချီရှိနေကြောင်း ထိုင်းသတင်းဌာနများက ဆိုသည်။

အဆိုပါမြန်မာနိုင်ငံသားများသည် သွားစရာမြန်မာနိုင်ငံတစ်နိုင်ငံသာရှိပြီး မြန်မာနိုင်ငံဘက်ခြမ်းက ပြန်လက်ခံခြင်းမရှိချိန်တွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ပြန်လည်ရောက်ရှိခဲ့သောအဖြစ်အပျက်များရှိခဲ့ဖူးကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

ထိန်းသိမ်းရေးစခန်းတွင်ထိန်းသိမ်းထားသူများကို ထမင်းနှင့်ဟင်းတစ်နေ့ သုံးနပ်ကျွေးမွေးသလို ရေ၊ လျှပ်စစ်မီးနှင့်အခြားလိုအပ်သောအရာများကို ထောက်ပံ့ပေးထားကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများကို ပြန်ပို့နိုင်ရန်အတွက် ထိုင်းအစိုးရတာဝန်ရှိသူများနှင့် မြန်မာအစိုးရတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း သိရသည်။

ref- nationtv

Leave a Reply

Your email address will not be published. Required fields are marked *

Related News