April 29, 2024

◾ထွန်းထွန်းမင်းရဲ့ ခေတ် ကုန်သွားပြီလား

MT News

ဇန်နဝါရီ ၂၉ရက်နေ့ ကျင်းပခဲ့တဲ့ TGL#3 The Great Lethwei မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးမှာ သွေးသစ်ဝင်းလှိုင်က ထွန်းထွန်းမင်းကို အမှတ်နဲ့အနိုင်ယူပြီး မြန်မာပြည်ပထမတန်းချန်ပီယံဘွဲ့ကို လွှဲပြောင်းယူသွားခဲ့ပါတယ်။

“ကျားကတော့ အိုသွားပြီ။ ဒါပေမဲ့ ကျွန်တော် အသက်မကြီးသေးဘူးဆိုတာ သူ့ကို ဒီပွဲမှာ ပြသွားမယ်။ အရင် ထွန်းထွန်းမင်း ပြန်လာပြီ”လို့ ပွဲကြိုပြောခဲ့တဲ့ ထွန်းထွန်းမင်းဟာ ငယ်ဂုဏ်ရှိပြီး နည်းစနစ်သာတဲ့ သွေးသစ်ဝင်းလှိုင်ကို ငါးချီအထိ ထိုးခဲ့ရသလို စတုတ္တအချီမှာ အမှတ်စဥ်နှစ်ကြိမ်အထိ အရေခံရလောက်အောင် သွေးသစ်ဝင်းလှိုင်ရဲ့ ထိုးနှက်မှုခံခဲ့ရတာက ထွန်းထွန်းမင်း အမှတ်နဲ့ရှုံးရတဲ့ အဓိကအချက်ဖြစ်စေခဲ့တာပါ။

Dave Leduc ကို အရှုံးနဲ့ သရေပဲ ရင်ဆိုင်ခဲ့ရတဲ့ အသက် ၃၀ အရွယ် ထွန်းထွန်းမင်းဟာ “အကောင်ကြီးလည်း အလဲထိုးမှာပဲ” ဆိုတဲ့ အသက်နှစ်နှစ်ငယ် သွေးသစ်ဝင်းလှိုင်ကို ထိုက်ထိုက်တန်တန်ရှုံးခဲ့တာဖြစ်သလို ဒီပွဲဟာ သွေးသစ်ဝင်းလှိုင် နိုင်ကိုနိုင်သင့်တဲ့ပွဲဖြစ်ပေမဲ့လည်း ထွန်းထွန်းမင်းကို ချစ်ကြတဲ့ပရိသတ်ကတော့ ဒဏ်ရာကြောင့် နားနေခဲ့ရတဲ့ ထွန်းထွန်းမင်း ပြန်လာနိုင်ဖို့ ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။

စိုးလင်းဦးလို ထိပ်တန်းကစားသမားကို သရေပဲထိုးနိုင်ခဲ့တဲ့ အီရန်လက်ဝှေ့ကျော် မွေထိုင်းကစားသမား Reza ကို အလဲထိုးထားတဲ့ သွေးသစ်ဝင်းလှိုင်ဟာ ဒီနေ့ပွဲမှာ ထွန်းထွန်းမင်းကို အလဲမထိုးနိုင်ပေမဲ့လည်း အမှတ်အသာနဲ့အနိုင်ရပြီး မြန်မာပြည်ပထမတန်းချန်ပီယံဘွဲ့ဟာ သူနဲ့ထိုက်တန်ကြောင်း သက်သေပြသွားနိုင်ခဲ့ပါတယ်။

လူကောင်ကြီးပြီး ပါဝါသာတဲ့ ထွန်းထွန်းမင်းဟာ တရစပ်တိုက်စစ်ဆင်ခဲ့ပေမဲ့လည်း သွေးသစ်ဝင်းလှိုင်ရဲ့ ကောင်တာတွေနဲ့ ထိုးဖောက်တိုက်ခိုက်မှုတွေ တားဆီးနိုင်မှုအားနည်းခဲ့ပါတယ်။ ဒုတိယအချီမှာဆို ဖိထိုးနေတဲ့ ထွန်းထွန်းမင်းလက်သီးတွေက လေထဲမှာအချည်းနှီးဖြစ်ခဲ့ပြီး သွေးသစ်ဝင်းလှိုင်ရဲ့ ထိုးချက်တွေက ထွန်းထွန်းမင်းအထိနာခဲ့ပါတယ်။

ဒီနေ့ပွဲမှာ သွေးသစ်ဝင်းလှိုင်ဟာ နည်းစနစ်ကျေညက်ပြီး ပညာသာသူဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သလို လူကောင်ကြီးပြီး ပါဝါသာတဲ့ထွန်းထွန်းမင်းကို ဆိုင်ထိုးတာထက် ရှောင်ထိုးနေပေမဲ့ သူတိုက်စစ်ဆင်ချိန်တိုင်းမှာ သူ့ထိုးချက်တွေ အလဟဿမဖြစ်ခဲ့ဘဲ ထွန်းထွန်းမင်းရဲ့မျက်နှာပေါ် ထိချက်မှန်ခဲ့တာတွေက သွေးသစ်ဝင်းလှိုင် အမှတ်နဲ့အနိုင်ရဖို့ လုံလောက်စေခဲ့ပါတယ်။ ဒါ့အပြင် လူကောင်လည်းကြီး ပါဝါလည်းသာ အတွေ့အကြုံလည်းရင့်ကျက်တဲ့ ထွန်းထွန်းမင်းကို အနိုင်ရအောင် တိုက်ခိုက်ခဲ့တဲ့ သူ့ဗျုဟာ မှန်ကန်တယ်လို့ပြောရမှာဖြစ်တဲ့အပြင် တိုက်ခိုက်စွမ်းရည်ကို ဦးနှောက်နဲ့ပေါင်းစပ်ဆော့နိုင်ခဲ့တာကလည်း သူအနိုင်ရခဲ့တဲ့ အဖြေပါ။

စတုတ္တအချီဆို လိုက်ထိုး ဖိတိုက်နေတာက ထွန်းထွန်းမင်းပါ။ ဒါပေမဲ့ သွေးသစ်ဝင်းလှိုင်ရဲ့ တန်ပြန်တိုက်စစ်က မေးရိုးထိသွားတဲ့အလုံးကြောင့် ထွန်းထွန်းမင်း ခွေကျသွားတာက ဒီနေ့ပွဲအဖြေဖြစ်ခဲ့ပြီး တိုက်စစ်ဖွင့်လာတဲ့ သွေးသစ်ဝင်းလှိုင်ရဲ့ တရစပ်ထိုးချက်တွေဟာ ထွန်းထွန်းမင်း ခွေလဲတဲ့အထိ ဒုတိယအကြိမ်အမှတ်စဥ်ရေရတဲ့အထိ ဖြစ်ခဲ့သလို သုံးကြိမ်လုံးကောင်တာချောင်းနေတဲ့ သွေးသစ်ဝင်းလှိုင်ရဲ့ လက်သီးချက်တွေဟာ စတုတ္တအချီမှာတော့ ထွန်းထွန်းမင်းကို ဖွဲအိတ်လိုထိုးနေတာလား ထင်ရအောင် ဖြစ်စေခဲ့ပါတယ်။

လက်ဝှေ့နဲ့ဝေးနေပေမဲ့ လေ့ကျင့်မှုတွေမပြတ်လပ်တဲ့ ထွန်းထွန်းမင်းဟာ စတုတ္တအချီမှာ အလဲအကွဲခံခဲ့ရတာ ကာမိအောင် သွေးသစ်ဝင်းလှိုင်ကို အားပါးတရထိုးပြီး လဲကျအောင်ထိုးနေပေမဲ့လည်း ပါးပါးနပ်နပ်ထိုးသတ်နေတဲ့ သွေးသစ်ဝင်းလှိုင်ရဲ့ဗျုဟာနဲ့ ငယ်ဂုဏ်တွေ မာဂုဏ်တွေကိုတော့ ကျော်ဖြတ်နိုင်စွမ်းမရှိခဲ့ဘဲ သွေးသစ်ဝင်းလှိုင်ကို မြန်မာပြည်ပထမတန်းချန်ပီယံဘွဲ့ လွှဲပြောင်းပေးခဲ့ရသလို သွေးသစ်ဝင်းလှိုင်အမှတ်နဲ့နိုင်​ကြောင်း ကြေညာချက်မှာ ကြိုးဝိုင်းထဲတင် ကြိုးတန်းပေါ် ခေါင်းစိုက်ပြီး စိတ်ဓာတ်ကျသွားတဲ့ ထွန်းထွန်းမင်း ပုံရိပ်ကလည်း သူ့ခေတ် ကုန်သွားပြီဆိုတာကို…..။

Leave a Reply

Your email address will not be published. Required fields are marked *

Related News