
၁၇. ၆. ၂၀၂၅
Written by Nay Moe
NLD ၏ CEC ဟောင်း ဦးအောင်ကြည်ညွန့်ဦးဆောင်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) သည် “အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါဥပဒေတွင် CRPH, NUG နှင့် PDF တို့ကို လက်မခံသည့် လက်ရှိတာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများကို အရေးယူမည်ဆိုသည့်အပေါ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီး လက်ခုပ်သံချူသည့် CRPH က ဖြစ်လာသမျှအကျိုးဆက် တာဝန်ခံရမည်ဟုပါ သတိပေးလိုက်သည့်ဖြစ်စဥ်အပြီးတွင် တက္ကသိုလ်ဆရာသမဂ္ဂများကိုယ်စားပြုကော်မတီ Representative Committee of University Teacher Associations (RC of UTAs) ကပါ CRPH ၏ လုပ်ရပ်သည် အနာဂတ်နိုင်ငံတော်အတွက် အန္တရာယ်ကြီးသည့် နိုင်ငံရေးအမြတ်ထုတ်မှုဟု ပြင်းပြင်းထန်ထန်ကန့်ကွက်ကာ ထပ်မံရှုတ်ချ ထုတ်ပြန်လာသည်။
CRPH ၏ ဥပဒေသည် တော်လှန်ရေး (၄)နှစ်ကျော် ကာလအတွင်း စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ပြဿနာများရှိနေသော တော်လှန်ရေးအာဏာပိုင်များ CRPH, NUG, PDF ကဲ့သို့သော အဖွဲ့အစည်းများ၏ပုံရိပ်ကို ပြန်လည်မြှင့်တင်ရန်အတွက်ရည်ရွယ်ပြီး CDM ဝန်ထမ်းများကို ခုတုံးလုပ်အသုံးချကာ နိုင်ငံရေးအမြတ်ထုတ်သည့်သဘောဟု ယူဆယုံကြည်သည်ဟုလည်း RC of UTAs က ပြောသည်။
ထို့အပြင် ဥပဒေသည် ဒီမိုကရေစီ၏အနှစ်သာရတစ်ခုဖြစ်သည့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်ထားပြီး၊ အဆိုပါအယူအဆသည် အစဉ်အလာတစ်ခုဖြစ်ခဲ့ပါက အနာဂတ်ဖက်ဒရယ်နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်ခြင်း၊ ဘက်ပေါင်းစုံနက်ရှိုင်းစွာ ကွဲလွဲနေမှုရှိနေပြီး၊ အမုန်းတရားများကြောင့် ပြည်တွင်းပဋိပက္ခများနှင့် ပြည့်နှက်နေသည့် နိုင်ငံတစ်ခုအတွက် ညီညွတ်မှုကို အထောက်အကူ မပြုစေသည်သာမက ထပ်မံပြိုကွဲနိုင်ပြီး အစွန်းရောက်လူအဖွဲ့အစည်း (Polarized Society) အဖြစ် တွန်းပို့စေခြင်း၊ တော်လှန်ရေး၏ ပုံရိပ်အား လက်စားချေရေးကို ဦးတည်သည့်တော်လှန်ရေးတရပ်အဖြစ် ဂုဏ်သိက္ခာမှေးမှိန်စေခြင်း၊ အနာဂတ်နိုင်ငံနှင့် လူအဖွဲ့အစည်းပြန်လည်တည်ဆောက်ရေးတွင် ရင်ဆိုင်ရလာနိုင်သည့် လူသားအရင်းအမြစ် ကပ်ဘေး (Human Resource Outbreak)ကို မြော်မြင်တွေးဆချက်များကင်းမဲ့ခြင်းများဖြင့် ပြည့်နှက်နေသည်ဟုလည်း RC of UTAs ၏ CRPH ၏ လုပ်ရပ်အပေါ် ရှုတ်ချထုတ်ပြန်မှုတွင် ဖော်ပြထားသည်။



