
၁၇.၆.၂၀၂၅
Written By Thandar
ကဉ္စနရုပ်ရှင်ထုတ်လုပ်ရေးက ၅၂၈ နဲ့ အချစ်ဒရာမာဇာတ်လမ်းပုံစံ “အောင်စည်အောင်မောင်း” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇွန်လ ၁၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားကို ကျွန်တော်တို့ နေပြည်တော် တပ်ကုန်းဘက်က တံခွန်တိုင်ရွာဘက်မှာ သွားရိုက်ကူးခဲ့တာပါ။ အဲလို ရိုက်ချိန်မှာ အမှတ်တရဆိုရင်တော့ ရေကြီးတာနဲ့ကြုံခဲ့ရတာပါ။ ဒီကားတွေကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ၅၂၈ မေတ္တာဘွဲ့နဲ့ အချစ်ဇာတ်လမ်းလေးပါ။ ဒရာမာကြီးပဲတော့ မဟုတ်ပါဘူး။ ဇာတ်အလှည့်အပြောင်းလေးကို ပိတ်ကားပေါ်မှာ ကြည့်ရှုကြပါလို့ပြောချင်ပါတယ်”လို့ ဒါရိုက်တာ ခင်လှိုင်(ဉာဏ်ကြီးရှင်)က ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း K7၊ ဇာတ်ညွှန်း 7DAY တို့က ရေးသားပြီး တွဲဖက်ဒါရိုက်တာ မိုးမိုး၊ ဒါရိုက်တာ ခင်လှိုင် (ဉာဏ်ကြီးရှင်)က ၂၀၂၄ ခုနှစ်က နေပြည်တော်၊ တပ်ကုန်းရှိ တံခွန်တိုင်ရွာဘက်မှာ ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပါတယ်။
“အောင်စည်အောင်မောင်းဆိုတဲ့အတိုင်း ညီအစ်ကိုသုံးယောက်ရဲ့ ကာရိုက်တာပါ။ ကိုဖြိုးငွေစိုးရယ်၊ တိုင်ရွန်နဲ့ ကျွန်တော်ရယ်ပေါ့။ ကိုယ့်က ညီအစ်ကိုသုံးယောက်မှာ အငယ်ဆုံး ဇာတ်ကောင်နေရာက ပါဝင်ရတာပါ။ သတိတရနဲ့ ဦးခင်လှိုင်က ငွေမောင်းဆိုတဲ့ နေရာကို သတိတရနဲ့ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေဆီက ဘယ်လို Feedback တွေလာမလဲဆိုတာ ရင်ခုန်နေပါတယ်”လို့ သရုပ်ဆောင် ဖြိုးလေးက ပြောပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ နေတိုး၊ ဖြိုးငွေစိုး၊ တိုင်ရွန်၊ ဖြိုးလေး၊ ခင်လှိုင်၊ နော်ဖောအယ်ထား၊ နေခြည်ရွှန်းလက်၊ မင်းဟိဏ်း၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံ၊ ဆင်မ၊ စိစိ၊ စူပါလင်းနဲ့ တခြားသရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။
“အောင်စည် အောင်မောင်း” ရုပ်ရှင်ဇာတ်ကားကြီး”ကို လာမယ့် ဇွန်လ ၂၀ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
#NayToe #PhyoNgweSoe #Tyron
#PhyoLay #KhinHlaing #ဒရာမာ
#NawPhawEhHtar #NayChiShoonLak
#အောင်စည်အောင်မောင်းရုပ်ရှင်ဇာတ်ကားကြီး
#ကဉ္စနရုပ်ရှင်ထုတ်လုပ်ရေး





