
၁၇. ၆. ၂၀၂၅
Written by Thettant
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA ထိန်းချုပ်ဒေသရှိ အကျဥ်းထောင်တစ်ခုမှာ ထောင်တစ်သက်တစ်ကျွန်း ချခံထားရတဲ့ တရုတ်နိုင်ငံသား အကျဥ်းသားက ထောင်ဖောက်ပြေးခဲ့တာကြောင့် လိုက်လံဖမ်းဆီးကာ “ဝ” ပြည်နယ် တရားစီရင်ရေးကော်မတီက သေဒဏ်ချမှတ်လိုက်ပြီး ချက်ချင်းကွပ်မျက်ပစ်လိုက်တယ်လို့ WSP ရဲ့ထုတ်ပြန်ချက်အရ သိရှိရတယ်လို့ Wa News Land က ဖော်ပြထားပါတယ်။
ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား တရားခံ Wang ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလ ၄ ရက်နေ့မှာ ထောင်ဖောက်ပြေးခဲ့တာဖြစ်ပြီး Wang ဟာ ဖောက်ထွင်းမှု၊ မုဒိမ်းမှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုစတဲ့ပြစ်မှုတွေ ကျူးလွန်တာကြောင့်၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရဖြစ်ပါတယ်။
အကျဉ်းကျခံနေစဉ်ကာလအတွင်းမှာလည်း Wang ဟာ ထောင်ကနေ ထွက်ပြေးဖို့ တခြားအကျဉ်းသားတွေကို စည်းရုံးခဲ့သူဖြစ်ပြီး Wang ရဲ့ လုပ်ရပ်တွေဟာ “ဝ” ပြည်နယ် အခြေခံ ဥပဒေ ပုဒ်မ ၂၇၃ နဲ့ ပြစ်မှုဆိုင်ရာ ဥပဒေအခန်း ၆ ပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ခဲ့တာကြောင့် စွဲချက်တင်ဖို့ အထောက်အထားတွေ ခိုင်လုံခဲ့ပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီထံ အစီရင်ခံ တင်ပြပြီးနောက်မှ Wang ကို အခုလို သေဒဏ်ချမှတ်ကာ ချက်ချင်းကွပ်မျက်ခဲ့တယ်လို့ဆိုပါတယ်။
“ဝ” ပြည်နယ် တရားစီရင်ရေး ကော်မတီဟာ ပြီးခဲ့တဲ့ မေလထဲမှာလည်း အသက်မပြည့်သေးတဲ့ကလေးကို မုဒိမ်းကျင့်မှုနဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုကျူးလွန်သူ အမျိုသား (၂) ဦးကို အလားတူ သေဒဏ်ပေးခဲ့ပါတယ်။
Ref & Photo – WSP, Wa News Land