၁၇.၆.၂၀၂၅
Written by Hey Mar
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကျေးရွာအုပ်စု၊ ဝါဒူးရွာအနီး ပုသိမ်-မြောင်းမြ ကားလမ်းပေါ်မှာ အိမ်စီးယာဉ်ငယ်တစ်စီး မတော်တဆမှုဖြစ်ပွားကာ လမ်းဘေးရှိ ရေနုတ်မြောင်းကျယ်ထဲထိုးကျလို့ ယာဉ်ပေါ်လိုက်ပါလာတဲ့ ဇနီးမောင်နှံ နှစ်ဦးစလုံးရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဇွန်လ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အချိန်မှာ နောက်ကမြင်တွေတဲ့ယာဉ်တွေက လိုက်လံကူညီပေမယ့် ရေနက်ပိုင်းဖြစ်တဲ့အတွက် အချိန်အနည်းငယ်အကြာမှ လူတွေကို ထုတ်ယူနိုင်ခဲ့တာကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားပေမယ့် ဒဏ်ရာတွေမရရှိထားဘဲ ရေမွန်းတာကြောင့်သာ သေဆုံးသွားခဲ့တာဖြစ်နိုင်ကြောင်းနဲ့ သေဆုံးသူရဲ့လုပ်ငန်းဖြစ်တဲ့ ဓာတ်မြေသြဇာကုမ္ပဏီက တာဝန်ရှိသူတွေ ဝန်ထမ်းတွေပါ ရောက်ရှိလာခဲ့ကြောင်းလည်း မျက်မြင်ကြုံတွေ့ရသူတွေ မှတ်ချက်ပြုပြောဆိုကြပါတယ်။
အဆိုပါသေဆုံးတဲ့ ဇနီးမောင်နှံက မြောင်းမြမြို့နယ်၊ ကျိုက်လတ်မြို့က ဓာတ်မြေဩဇာဖြန့်ဖြူးရးကိုယ်စားလှယ်နှစ်ဦးလို့ သိရှိရပြီး အလုပ်ကိစ္စနဲ့ ပုသိမ်ကို သွားရာက ညနေ ၅ နာရီခန့်မှာ အခင်းဖြစ်နေရာအရောက် ယာဉ်မတော်တဆဖြစ်ပြီး ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။


