
၁၇.၆.၂၀၂၅
Written by Thiri
ဇွန်လ ၈ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ကိုဗစ် -၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၂ ဦးအထိ တွေ့ရှိထားသော်လည်း ပြင်းထန်လူနာ၊ အထူးကြပ်မတ် ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့်သေဆုံးလူနာ မရှိကြောင်း COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ အပတ်စဉ် သတင်းထုတ်ပြန်ချက်အဖြစ် ယမန်နေ့ ဇွန်လ ၁၆ ရက် ည ၈ နာရီအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၈-၆-၂၀၂၅)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၅-၆-၂၀၂၅)ရက်နေ့၊ ည (၈:၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၂၈၅)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၂)ဦး တွေ့ရှိခဲ့ရပြီး ထိုရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၂၈)ရာခိုင်နှုန်းဖြစ်ကာ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ် ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိကြောင်းသိရသည်။
ဓာတ်ခွဲအတည်ပြုလူနာများမှာ မွန်ပြည်နယ် မှ ၂၄ ဦး ၊ ရန်ကုန်တိုင်းမှ ၁၇ ဦး၊ မကွေးတိုင်းမှ ၇ ဦး၊ မန္တလေးတိုင်းမှ ၂ ဦး၊ နေပြည်တော် မှ ၁ ဦး၊ ရှမ်းပြည်နယ်မှ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား၊ သေဆုံးမှုနှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက် ၆၀ နှင့် အထက် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက် ကိုယ်ဝန်ဆောင်မိခင်များကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံကြဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ထားသည်။

