
MT News
၁၇. ၆. ၂၀၂၅
မူးယစ်ဆေး ဖြန့်ဖြူးမှုများ ဖမ်းဆီးမိချိန် ဒေသအလိုက် တန်ဖိုးသင့်တွက်ချက်ရာ၌ ရန်ကုန်တွင်ပင် တစ်ပြား ကျပ် ၁၀၀၀ သာ တန်ဖိုးသင့်တော့သည့် မူးယစ်ဆေးပြား ခြောက်သိန်းခွဲကို မင်္ဂလာတောင်ညွန့်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးရှေ့တွင် သတင်းအရ မောင်အောင်သန်း(ခ)ကျော်သန်း၊ မောင်ကျော်နိုင်နှင့် သန်းလွင် တို့ ၃ ဦး သယ်ဆောင်လာသည့် စက္ကူဂျပ်ဖာပုံးအား စစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းမိတရားခံများကို ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ရွှေပြည်သာမြို့နယ်၊ (၂၀)ရပ်ကွက်၊ မြောင်းမြ (၆)လမ်းရှိ ကျော်နိုင်၏ နေအိမ်အား ယင်းနေ့ ညနေ ၄ နာရီခွဲအချိန် ဆက်လက်ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၅ သိန်းထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် သိန်း ၆၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ်မှစတင်ကာမူးယစ်ဆေးထုတ်လုပ်နေသော တိုင်းရင်းသားလက်နက်ကိုင်အချို့က လက်နက်ကိုင်တိုက်ပွဲများဆင်နွှဲရန် မူးယစ်ဆေးများ အလွန်အကျွံထုတ်လာသဖြင့် ၂၀၂၁ ခုနှစ်ရှေ့ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားတစ်ပြားလျင် ငါးဒေါ်လာခန့်ရှိနေရာမှ ယခုနောက်ပိုင်းတွင် တစ်ဒေါ်လာ မူးယစ်ဆေးငါးပြားခန့်ရသည့်အထိ အလွန်အကျွံ ထုတ်လုပ်လာခဲ့သလို ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဖြန့်နေသော “ဝ”လက်နက်ကိုင် UWSA ကို မြန်မာ၊ လာအိုအစိုးရတို့နှင့် ပူးပေါင်းနှိမ်နင်းမည်ဟု ကမ္ဘာသိထုတ်ပြောခဲ့သည့်ဖြစ်စဥ်လည်း ဖြစ်ပေါ်ခဲ့သည်။