
၁၇. ၆.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ သာသနာ့ ရိပ်သာရပ်ကွက်၊ ရန်ကုန်-ပဲခူးလမ်းမကြီးဘေး၊ ရုံးဟောင်းလမ်းထိပ်တွင် အမျိုးသားတစ်ဦးကို ယခင် ဆိုင်ကယ်နေရာလုသည့်ကိစ္စဖြင့် မကျေနပ်၍ အမျိုးသားနှစ်ဦးက ဓားဖြင့်ထိုးခုတ်သဖြတ်သည့် လူသတ်မှု ဇွန်လ ၁၅ရက် နံနက်ပိုင်းက ဖြစ်ပွားခဲဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဥ်တွင် ရုံးဟောင်းလမ်းထိပ်၌ ဘေးတွဲဆိုင်ကယ်ဖြင့် ကယ်ရီဆွဲရန် ခရီးသည်စောင့်ဆိုင်းနေသော ကိုဝေယံဦးအား ယခင်ရန်ငြိုးရှိသူ အောင်သက်ပိုင်ဦး(ခ) ဆင်ကြီးနှင့် နန္ဒာလင်းထက်တို့က ဓားမြှောင်၊ဓားရှည်တို့ဖြင့် ထိုးခုတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဓားထိုးခံရသူ ကိုဝေယံဦး၏ ခါးညာဘက်ခြမ်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ညာဘက်နံရိုးကြားထိုးသွင်းဒဏ်ရာတစ်ချက်၊ နောက်ကျောဘက်ထိုးသွင်းဒဏ်ရာတစ်ချက် တို့ရရှိသဖြင့် လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဥ် သေဆုံးခဲ့ကြောင်း သိရသည်။
“ဓားနဲ့ထိုးတဲ့သူတွေက ဓားနဲ့ထိုးခံရတဲ့သူရဲ့အမေက လာဖြန်ဖြေနေတာတောင် ရန်ရှာနေတာ။ ဓားနဲ့ထိုးပြီးကတည်းက ထွက်ပြေးကြတာ။ ဖမ်းလို့တော့မမိသေးဘူး “ဟု ဒေသခံတစ်ဦးကပြောသည်။
ဓားဖြင့်ထိုးကာ ထွက်ပြေးနေသော အောင်သက်ပိုင်ဦး(ခ)ဆင်ကြီးနှင့် နန္ဒလင်းထက်တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ တို့ဖြင့် လှည်းကူးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
