
◼ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ပြည်သူများ တီဟီရန်မှ အမြန်ဆုံးထွက်ခွာကြရန် သတိပေး
၁၇.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်အနေနဲ့ ကနေဒါမှာကျင်းပနေတဲ့ ဂျီ-၇ နိုင်ငံတွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နေရာမှ အစ္စရေးနဲ့အီရန်တို့က သူတို့ရဲ့ စစ်ပွဲပဉ္စမမြောက်နေ့အဖြစ် ဆက်လက်တိုက်ခိုက်လာကြရာမှာတော့ ဒေသစံတော်ချိန် ဇွန်လ ၁၆ ရက် ညပိုင်းမှာပဲ ဝါရှင်တန်ဒီစီကို ပြန်လည်ထွက်ခွာဖို့ရှိတယ်လို့ သိရပါတယ်။
ဇွန်လ ၁၆ ရက်မှာပဲ ထရန့်က ဘာကြောင့်လို့ မဖော်ပြပေမယ့် အီရန်ပြည်သူတွေကို တီဟီရန်မြို့တော်ကနေ အမြန်ဆုံးထွက်ခွာကြဖို့ Truth Social လူမှုကွန်ရက် မှာ သတိပေးချက်တစ်ခု ရေးသားခဲ့ပါတယ်။ အိမ်ဖြူတော်အရာရှိတစ်ဦးကတော့ ဒီသတိပေးချက်ပို့စ်က အီရန်အနေနဲ့ စစ်ပွဲပြီးဆုံးဖို့ ညှိနှိုင်းဆွေးနွေးပွဲကို အမြန်လက်ခံဖို့လိုပြီဆိုတာ ရောင်ပြန်ဟပ်ဖော်ပြနေတာပဲလို့ဆိုခဲ့ပါတယ်။
ဇွန်လ ၁၇ ရက်မှာတော့ အစ္စရေးနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးက သူ့နိုင်ငံသားတွေကို အစ္စရေးနိုင်ငံကနေ တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာကြဖို့ လူမှုကွန်ရက်မှာ တိုက်တွန်းခဲ့ပါတယ်။ တရုတ်သံရုံးရဲ့လူမှုကွန်ရက်က ကြေညာချက်မှာ တရုတ်နိုင်ငံသားတွေကို အစ္စရေးနိုင်ငံနယ်စပ်ဖြတ်သန်းဂိတ်တွေက ဖြစ်ဖြစ် အမြန်ထွက်ခွာကြဖို့ ဖော်ပြခဲ့ပါတယ်။ သံရုံးကြေညာချက်က စစ်ပွဲဟာ ဇွန်လ ၁၇ ရက်မှာ ဆက်လက်အရှိန်မြင့် ဖြစ်နေတယ်လို့ ဆိုခဲ့ပါတယ်။
စစ်မြေပြင်မှာလည်း နှစ်ဖက်စလုံးက စစ်ပွဲရဲ့ ပဉ္စမမြောက်နေ့အဖြစ် အပြန်အလှန်တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ပြုလုပ်နေကြပါတယ်။ အီရန်က သူ့ရဲ့ဒုံးကျည်တွေနဲ့ အစုလိုက်အပြုံလိုက် အစ္စရေးနိုင်ငံ အတွင်းပစ်ခတ်မှုကို ဇွန်လ ၁၇ ရက် နံနက်အစောပိုင်းနာရီတွေမှာ ကိုးကြိမ်မြောက်အဖြစ် တိုက်ခိုက်ခဲ့ပါတယ်။
စစ်ပွဲရဲ့ ပဉ္စမမြောက်နေ့ဖြစ်တဲ့ ဇွန်လ ၁၇ ရက်နံနက်အထိ အီရန်ဘက်မှ စစ်ပွဲအတွင်း သေဆုံးရသူ ၂၂၄ ဦးနဲ့ အစ္စရေးဘက်က ၂၄ ဦးရှိသွားပြီလို့ သိရပါတယ်။
Ref- CNN, Jerusalem Post, IRNA

