၁၇. ၆. ၂၀၂၅
Translated by Thettant
တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်၊ လင်လီခရိုင်၊ တင်ရှန်းတုမြို့နယ်၊ ရှန်းကျိုးရွာရှိ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမီးလောင်မှုကြောင့် အင်္ဂါနေ့ နံနက် ၉ နာရီအထိ လူ ၉ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်အမျိုးသားရေဒီယိုမှ ဖော်ပြခဲ့သော အခင်းဖြစ်ပွားရာနေရာရှိ အရေးပေါ်တုံ့ပြန်ရေးဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ နံနက် ၉ နာရီက စတင်ဖြစ်ပွားခဲ့သော အဆိုပါ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုကို ကူညီကယ်ဆယ်သည့် ကယ်ဆယ်ရေးအဖွဲ့များက အခင်းဖြစ်ပွားရာနေရာတွင် ဒုတိယအကြိမ် ပေါက်ကွဲမှုများနှင့် ရုတ်တရက်မီးလောင်ကျွမ်းမှုများ ဖြစ်ပွားနိုင်သည့် အန္တရာယ်များရှိနေကြောင်း သတင်းပို့ခဲ့ပြီး ယင်းအချက်များက ကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုရှုပ်ထွေးစေခဲ့သည်။
ထို့အတွက် နောက်ဆက်တွဲဘေးအန္တရာယ်များကို လျှော့ချရန် မီးသတ်သမားများသည် မီးတောက်များကို ထိန်းချုပ်ရန် အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ထားသော ရေအမြောက်များကို အသုံးပြုခဲ့ကြရသည်။
စက်ရုံ၏ တောင်ကုန်းများထူထပ်သော တည်နေရာနှင့် အဓိကရေအရင်းအမြစ်များ မရှိခြင်းကြောင့် ကယ်ဆယ်ရေးအဖွဲ့သည် ရေတင်ယာဉ် ၂၈ စီးနှင့် ရေထုတ်ယာဉ် ၂ စီးကို အသုံးပြုခဲ့သည်။ မီးလောင်နေသောနေရာကို ထိန်းချုပ်ရန်နှင့် မီးမပြန့်ပွားစေရန်အတွက် စွမ်းအားမြင့်ပန့်များကို အသုံးပြု၍ အဝေးမှရေပေးဝေရေးစနစ်ကိုပါ တည်ဆောက်ခဲ့ရကာ ရေအမြောက်စခန်းနှစ်ခုကိုလည်း ဖန်တီးခဲ့ရသည်။
ဟူနန်ပြည်နယ်အစိုးရသည် မတော်တဆမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို အရှိန်မြှင့်တင်ခဲ့ပြီး ဖြစ်စဉ်၏အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရန်နှင့် ဥပဒေနှင့်အညီ တာဝန်ခံမှုကို ဆောင်ရွက်ရန် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အလားတူ အဆိုပါပေါက်ကွဲမှုကို စုံစမ်းဖော်ထုတ်ရန် တရုတ်အရေးပေါ်စီမံခန့်ခွဲရေးဌာနက Working Team စေလွှတ်ထားသလို လက်ရှိအချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး ဒဏ်ရာရရှိသူများအတွက် ဆေးကုသမှု၊ သေဆုံးသူများ၏ မိသားစုများအတွက် ပံ့ပိုးမှုနှင့် အခြားနောက်ဆက်တွဲလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
Ref , China Daily
