◾️ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် ဒေါ်လာများကို စားသုံးဆီကုမ္ပဏီများအတွက်ပါ စတင်ထုတ်ရောင်း
၁၇. ၆. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ ယခုရက်သတ္တပတ်အတွင်း သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁၀ သန်း ရောင်းချပေးမည်ဟု ကြေညာထားပြီး ယမန်နေ့ (တနင်္လာနေ့)တွင် ဒေါ်လာ ၁ ဒသမ ၀၅၇ ထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ထို့ပြင် ဗဟိုဘဏ်အနေဖြင့် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက်မှ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများအတွက် ဒေါ်လာ ၁ ဒသမ ၃၇၃ သန်း ဇွန်လ ၁၆ ရက် (ယမန်နေ့)က စတင်ထုတ်ရောင်းပေးခဲ့သည်။
အလားတူ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် ဒေါ်လာများကို စက်သုံးဆီ လုပ်ငန်းရှင်များအတွက် ဇွန်လ ၁၀ ရက်မှစတင်၍ ဇွန်လ ၁၂ ရက်အထိ သုံးရက်ရောင်းချပေးခဲ့ပြီး သုံးကြိမ်ရောင်းချပေးထားမှု ဒေါ်လာ ၃ ဒသမ ၁၃ သန်းရှိကြောင်း သိရသည်။
စက်သုံးဆီလုပ်ငန်းရှင်များအတွက် သီးသန့်နိုင်ငံခြားငွေများ ထုတ်ရောင်းပေးမှုပမာဏမှာလည်း ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇွန်လ ၁၀ ရက်အထိ နှစ်လကျော်တွင် ဒေါ်လာသန်း ၂၄၀ နှင့် ထိုင်းဘတ်သန်း ၂၀၀ ထုတ်ရောင်းပေးထားပြီးဖြစ်သည်။
ဗဟိုဘဏ်မှ Online Trading Platform မှတစ်ဆင့် ဒေါ်လာများကို ထုတ်ရောင်းပေးရာတွင် ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၃၆၀၀ ဝန်းကျင်ဖြင့် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။ ပြင်ပဈေးကွက်တွင်မူ ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၄၅၂၀ အထိ ဖြစ်ပေါ်လျက်သည်။
