
၁၆.၆.၂၀၂၆
Translated by Htwe Ko Tun
အစ္စရေးနှင့် အီရန်နိုင်ငံတို့အကြား ဇွန်လ ၁၃ ရက်တွင်စတင်ခဲ့သော စစ်ပွဲက ဇွန်လ ၁၆ ရက်တွင် လေးရက်မြောက်လာခဲ့သောနေ့၌ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်မှုများ ပိုမိုကျယ်ပြန့်လာခဲ့သည်နှင့်အမျှ နှစ်ဖက်စလုံးမှ ထိခိုက်သေကျေမှုများလည်း မြင့်မားလာခဲ့ကြောင်း သိရသည်။

နိုင်ငံတကာမှ သံတမန်ရေးဖြေရှင်းမှုနှင့် တင်းမာမှုလျှော့ချရေးတို့အတွက် မေတ္တာရပ်ခံချက်များ ရှိနေသည့်ကြားမှပင် ဇွန်လ ၁၅ ရက်ညတွင် နှစ်ဖက်စလုံးက ဒုံးကျည်များဖြင့် တိုက်ခိုက်လာခဲ့ကြသည်။
အီရန်နိုင်ငံဘက်က ဇွန်လ ၁၆ ရက် နံနက်အစောပိုင်းတွင် ပစ်ခတ်ခဲ့သော ဒုံးကျည်များက အစ္စရေးရေနံချက်စက်ရုံတစ်ခုကိုထိမှန်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပေးကွန်ရက်စနစ် တစ်စိတ်တစ်ပိုင်းကို ပျက်စီးစေခဲ့ကြောင်း သတင်းများကဖော်ပြခဲ့သည်။

နှစ်ဖက်တိုက်ခိုက်မှုများ မြင့်မားလာမှုကြောင့် ထိခိုက်သေကျေမှုများလည်း များလာခဲ့ရာတွင် စစ်ပွဲစတင်သည်မှ ဇွန်လ ၁၆ ရက်နံနက်အထိ အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံးသူ အန့ည်းဆုံး ၂၂၄ ဦးနှင့် ဆေးရုံတင်ထားရသူ ၁,၂၇၇ ဦးရှိကြောင်း၊ အများစုမှာ အရပ်သားပြည်သူများဖြစ်ကြောင်း IRNA သတင်းဌာနက ပြောခဲ့သည်။

အီရန်ဘက်ကလည်း အစ္စရေးနိုင်ငံအတွင်း လူနေထူထပ်သော ဒေသများသို့ ဒုံးကျည်များဖြင့်တိုက်ခိုက်လျက်ရှိရာ အစ္စရေးနိုင်ငံအတွင်းစစ်ပွဲကြောင့် သေဆုံးသူ အနည်းဆုံး ၁၈ ဦးမှ ၂ဝ ဦးအထိရှိပြီး ၃၉၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။ တယ်လ်အဗစ်ကဲ့သို့ မြို့ကြီးများ၌ လူနေအဆောက်အအုံများမှာ ဒုံးကျည်ထိမှန်မှုများကြောင့် ဆိုးဆိုးရွားရွားပျက်စီးနေသည်ကို တွေ့ရပြီး အစ္စရေးနိုင်ငံ၏မြို့များစွာ၌ အပျက်အစီးများနှင့်အဆောက်အအုံပျက်များအကြား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ကြရသည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရန်နိုင်ငံ၌လည်း စွမ်းအင်ဆိုင်ရာအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများစွာ ရှိခဲ့ကြောင်း သိရသည်။
အမေရိကန်အရာရှိနှစ်ဦးက အီရန်အကြီးအကဲ အရာတိုလာ ခါမေနီကိုလုပ်ကြံရန် အစ္စရေးဘက်က တင်ပြလာခြင်းကို သမ္မတ ဒေါ်နယ်ထရန့်က ပယ်ချခဲ့ကြောင်း စီအန်အန် သတင်းဌာနသို့ပြောခဲ့ကြသည်။ သို့သော် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကမူ ထိုကဲ့သို့ အစီအစဉ်မရှိဟု ငြင်းဆိုခဲ့သည်။
Ref- CNN