
၁၆. ၆. ၂၀၂၅
Written by Nyein Kyaw
၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade 12 ကျောင်းသား/ကျောင်းသူများ ဇွန်လ ၁၆ ရက် (ယနေ့)မှစတင်၍ စာမေးပွဲများ ပြန်လည်ဖြေဆိုခဲ့ပြီး ဖြေဆိုသူဦးရေ ၉၈ ဒသမ ၆၇ ရာခိုင်နှုန်းနှင့် ပျက်ကွက်သူ ၁ ရာခိုင်နှုန်းကျော်သာရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ဖြေကြားထားသည်။
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာမီးလောင်သွားခဲ့သော ကချင်၊ စစ်ကိုင်းနှင့် မန္တလေးရှိ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကိုဖြေဆိုရမည့် အချိန်ဇယားအရ စာမေးပွဲအား ဇွန်လ ၁၆ ရက်(ယနေ့)မှ ၂၁ ရက်အတွင်း ဖြေဆိုရမည်ပြီး ဘာသာစုံဖြေဆိုခဲ့သူများသာ ပြန်လည်ဖြေဆိုခွင့်ရမည်ဖြစ်သည်။
ယနေ့တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ သတ်မှတ်ထားသည့် မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ကျောင်းသား/ ကျောင်းသူများ၏ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ပြန်လည်ဖြေဆိုလျက်ရှိသည်။
စာမေးပွဲပြန်လည်ဖြေရမည့် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ ၆၃,၆၇၃ဦးရှိသည့်အနက် ယနေ့ မြန်မာစာ စတင်ဖြေဆိုသည့်နေ့တွင် ဖြေဆိုသူဦးရေ ၆၂၈၂၄ ဦး၊ ပျက်ကွက် ၈၄၉ ဦး ဖြစ်ပြီး ဖြေဆိုရာခိုင်နှုန်း ၉၈ ဒသမ ၆၇ နှင့် ပျက်ကွက်ရာခိုင်နှုန်း ၁ ဒသမ ၃၃ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဖြေကြားထားသည်။
ယခုကဲ့သို့ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်များအလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။
မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေလွှာတချို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် ပြန်လည်မဖြေဆိုဘဲ ဖြေလျော့မှုဖြင့် စာမေးပွဲအအောင်ပေးရန် ပြောဆိုနေမှုများရှိနေသော်လည်း သိက္ခာရှိသည့် အောင်မြင်မှုမျိုးနှင့် နိုင်ငံတကာ စံချိန်စံနှုန်းများအရ စာမေးပွဲပြန်လည်ဖြေဆိုရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၁၉ ရက်က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
