
၁၆.၆.၂၀၂၅
Written by Thiri
မိခင်ဆင်မကြီးက အိပ်ပျော်နေရာကနေ ရုတ်တရက်လန့်နိုးပြီး ကန်မိတာကြောင့် ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်မှာရှိတဲ့ ဝင်္ကဘော်ဆင်စခန်းက ဆင်အမွှာအထီးလေး ကျော်ပုလဲဟာ ကျောရိုးမကြီးနဲ့ မြီးခုံရိုးပြင်းထန်စွာထိခိုက်ပြီး လမ်းမလျှောက်နိုင်ဖြစ်နေတာ ရက်သတ္တပတ် လေးပတ်နီးပါး တစ်လဝန်းကျင်ခန့်ကြာမြင့်နေပြီ ဖြစ်တယ်လို့ သိရကာ ဒီနေ့မှာတော့ ဆင်ထီးလေး ကျော်ပုလဲရဲ့ နောက်ခြေထောက်ကို ဘီးတပ်လှည်းပေါ်တင်ပြီး လေ့ကျင့်ပေးတဲ့ ပုံတချို့ ဝင်္ကဘော်ဆင်စခန်းက လူမှုကွန်ရက်ပေါ် မျှဝေထားပါတယ်။

ကျော်ပုလဲကို ခွဲစိတ်ကုသဖို့က အသက် ၈ လသာ ရှိသေးပြီး အသက်ငယ်လွန်းသေးတာကြောင့်၊ အကြီးစားခွဲစိတ်မှုတွေ မလုပ်သင့်သေးတဲ့အတွက် အချိန်ယူနေသလို ခါးဆစ်ရိုးထိတဲ့ဒဏ်ကြောင့် လမ်းလျှောက်ရခက်ခဲတဲ့အခါ တရွတ်ဆွဲ ပွတ်တိုက်သွားလာတဲ့ဒဏ်တွေကြောင့် နောက်ခြေတွေမှာ အရေပြားကွာတဲ့ အနာတွေရှိနေလို့ ပျောက်ကင်းအောင် နေ့စဉ် အနာကျက်ဆေးထည့်ပေးနေတာကြောင့် သိသာစွာ ပျောက်ကင်းသက်သာလာပေမယ့် ကျောရိုးဆစ် လွဲနေတာကြောင့် နောက်ပိုင်းတော့လှုပ်လို့မရသေးကြောင်းလည်း သိရပါတယ်။

ကျော်ပုလဲ ပြန်လည်ကောင်းမွန်နိုင်ခြေနဲ့ ပတ်သက်လို့လည်း ” ခံနိုင်ရည်ရှိလာသောအချိန်တွင် ကျောရိုးခွဲစိတ်ကာ ပိနေသည့် Nerves ကိုဖယ်ရှားပေးနိုင်မှသာ နောက်ပိုင်းပြန်လှုပ်နိုင်မည်ဟု ယူဆပါသည်။ ကျွန်တော်တို့ရော အခြားနိုင်ငံတွေမှာရော ဆင်တွေကို ဗိုက်ခွဲမွေးတာ၊ သားအိမ်ကျွံတာ စတာတွေပဲ ခွဲစိတ်ဘူးတဲ့ အတွေ့အကြုံသာရှိပါသည်။ ကျောရိုးမ ခွဲစိတ်ဖယ်ရှားတာ မရှိသေးပါ။ Paralyzed ဖြစ်တဲ့ ဆင်ကြီးတွေ ဥပမာ သစ်ပင်ရိုက်မိတာ စတဲ့ ဆင်ကြီးတွေဆို နာကျင်မှု၊ အာဟာရချို့တဲ့လာမှုနဲ့ အနာအဆာပေါ်ပေါက်လာမှုတွေကြောင့် တစ်လခန့်တွင် ဆုံးပါးသွားတတ်ကြပါတယ်။ ခန္ဓာကိုယ်ကြီးထွား၍ အရိုးခွဲစိတ်ကုသမှု ခက်ခဲပါတယ်။ ကျော်ပုလဲလေးကတော့ ငယ်သေးတော့ အနာအဆာတွေပျောက်ကင်းလာပါက ပထမဦးစွာ Wheel Chair နဲ့ သက်သာစွာ သွားလာနိုင်ဖို့ ဖန်တီးပေးနေပါတယ် ခင်ဗျား” လို့ ဝင်္ကဘော်ဆင်စခန်းမှ တိရိစ္ဆာန်ဆေးကု ဆရာဝန် ဒေါက်တာဇော်မင်းဦးက ဝင်္ကဘော်ဆင်စခန်း လူမှုကွန်ရက်ကနေတစ်ဆင့် အများပြည်သူ ဝိုင်းဝန်းချစ်ခင် ကရုဏာသက်နေတဲ့ ဆင်အမွှာလေး ကျော်ပုလဲရဲ့ အခြေအနေကို ရှင်းလင်း ပြောပြအသိပေးထားပါတယ်။

ဆင်အမွှာဖြစ်တဲ့ ကျော်ပုလဲနဲ့ အစ်မဖြစ်သူ ပုလဲဆင့်တို့ကို အသက် ၂၂ နှစ်အရွယ် မိခင်ဆင်မကြီး ပုလဲစန္ဒာက၂၀၂၄ ဩဂုတ်လ၂၆ ရက်မှာ ဝင်္ကဘော်ဆင်စခန်းမှာ မွေးဖွားခဲ့တာပါ။ သစ်ထုတ်လုပ်ရေး စခန်းတွေမှာ ဆင်ကလေးအမွှာမွေးခဲ့တဲ့ မှတ်တမ်း မှတ်ရာတွေအရ ဝင်္ကဘော်ဆင်စခန်းမှာ မွေးဖွားခဲ့တဲ့ ကျော်ပုလဲတို့ မောင်နှမက ၁၉၇၆ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ၁၂ ကြိမ်မြောက် မွေးဖွားလာတဲ့ ဆင်အမွှာတွေ ဖြစ်ပါတယ်။
