၁၆. ၆. ၂၀၂၅
Written by Nay Moe
NLD ၏ CEC ဟောင်း ဦးအောင်ကြည်ညွန့်ဦးဆောင်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) သည် “အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဥပဒေတွင် CRPH, NUG နှင့် PDF တို့ကို လက်မခံသည့် လက်ရှိတာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများကို အရေးယူမည်ဆိုသည့်အပေါ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီး လက်ခုပ်သံချူသည့် CRPH က ဖြစ်လာသမျှ အကျိုးဆက် တာဝန်ခံရမည်ဟုပါ သတိပေးလိုက်သည်။
CDM လှုပ်ရှားမှုဆိုသည်မှာ ဥပဒေဖြင့် အာဏာသုံးကာ လုပ်ယူဖန်တီး၍မရဘဲ CDM လှုပ်ရှားမှုတွင် မပါဝင်သူများကို ဥပဒေဖြင့် အရေးယူမည်ဆိုခြင်းက ဤအခြေခံသဘောကိုပင် နားမလည်ရာ ရောက်နေသည်ဟု ဗကသတို့က CRPH ကို ဝေဖန်ခဲ့ပြီး CRPH ၏ မမျှတသောဥပဒေမှာ မိမိသဘောဆန္ဒအလျောက် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများ၏ ဂုဏ်သိက္ခာကိုလည်း ညှိုးနွမ်းစေသည်ဟု ပြောသည်။
ထို့အပြင် တော်လှန်ရေးတရပ် ဆင်နွှဲရာတွင် နိုင်ငံရေးဗျူဟာသည် လွန်စွာအရေးကြီးပြီး မိမိအင်အားစုများကို စုစည်း၊ ကြားလူကို စည်းရုံးကာ၊ ရန်သူ့လူများကိုပါ ကိုယ့်ဘက်သားဖြစ်လာရန် ကြိုးစားဆောင်ရွက်ရမည်ဖြစ်သော်လည်း CRPH ၏ ယခုဥပဒေသည် တော်လှန်ရေးလိုအပ်ချက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်ရသည်ဟုလည်း ဗကသက ဝေဖန်သည်။
ထို့အပြင် CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ဝန်ထမ်းတိုင်းအား အရေးယူခြင်းသည် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်လည်း ကွဲလွဲနေကြောင်း၊ Non CDM ဝန်ထမ်းများကို အရေးယူမည့်ကိစ္စသည် ခံစားချက်ကို အခြေခံကာ လက်ခုပ်သံ ခြူရမည့်ကိစ္စ မဟုတ်ကြောင်း၊ ယခုဥပဒေ မပြဌာန်းရသေးမီ ကာလများ၌ပင် တော်လှန်ရေးဒေသများ၌ Non-CDM ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား ခွဲခြားဆက်ဆံခြင်းနှင့် ပြစ်ဒဏ်ပေးသည့် ဖြစ်စဉ်များ အများအပြားရှိနေပြီး ဖြစ်သည့်အခြေအနေတွင် ယခုကဲ့သို့ ဥပဒေထုတ်ပြန်လိုက်ခြင်းမှာ ပိုမိုဆိုးရွားသည့် နောက်ဆက်တွဲ အကျိုးဆက်များစွာကို ဖိတ်ခေါ်ရာရောက်နေကြောင်း၊ CRPH ၏ ယခုဥပဒေသည် စံနှုန်းအရ၊ နိုင်ငံရေးအရ၊ အကျိုးဆက်အရ မည်သို့မျှ လက်ခံနိုင်ဖွယ် မရှိသည့်အတွက် ဤဥပဒေကို ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ကြောင်းနှင့် ဤဥပဒေကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်များကို CRPH က တာဝန်ခံရမည် ဖြစ်ကြောင်း လေးနက်စွာ သဘောထားထုတ်ပြန်လိုက်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


