
၁၆.၆.၂၀၂၅
Written by Hey Mar
စပါးတင်ပြီး လမ်းကြားကနေထွက်လာတဲ့ ဖောကားက ကျောင်းတက်ချိန် စက်ဘီးနဲ့ ကျောင်းကိုလာတဲ့ ဆယ်တန်းကျောင်းသူကို အရှိန်နဲ့ ဝင်တိုက်မိတာကြောင့် ဆယ်တန်းကျောင်းသူ နေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ သမိန်ထောကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ ဇွန်လ ၁၆ ရက်နေ့ မနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ သိမ်ကုန်းကျေးရွာကနေ သမိန်ထော အ.ထ.က ဆီ စက်ဘီးနဲ့ ကျောင်းလာတက်တဲ့ အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသူကို သမိန်ထောကျေးရွာ ရွာလည်တံတားအဆင်းမှာ စပါးတင်လာတဲ့ ဖောကားက လမ်းကြားကနေအထွက် မတော်တဆ တိုက်မိခဲ့တာလို့ သိရပါတယ်။
“သမိန်ထောက ရွာဆိုပေမယ့် မြို့တစ်မြို့စာလောက် လူစည်ပါတယ်။ အဲ့ဒီတံတားအဆင်းနားမှာ နာကူအသင်းလည်းရှိတယ်။ ကျောင်းလည်းရှိတယ်။ တိုက်တဲ့ ယာဉ်ရဲ့ ယာဉ်မောင်းကလည်း ပူးပေါင်းဖြေရှင်းပါတယ်။ မိန်းကလေးက သိမ်ကုန်းကျေးရွာ ရွာလယ်ကပါ။ မိဘတွေလည်း ဆေးရုံလိုက်လာပါပြီ။ ညနေ သေသူရဲ့ရွာမှာ အခေါင်းဆင်ပေးရမှာပါ” လို့ သမိန်ထော နာကူအသင်းနဲ့ ချိတ်ဆက် ဆက်သွယ်လုပ်ဆောင်နေမှုကို ဖျာပုံ ကရုဏာရှင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။
ရုပ်အလောင်းကို သမိန်ထောရွာနဲ့ အနီးဆုံး ကနိဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ထားရှိပြီး ရဲလုပ်ငန်းစဉ်နဲ့ ပတ်သတ်တဲ့ အပိုင်းတွေကိုလည်း ကျုံခင်းရဲစခန်းက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။



