၁၆. ၆. ၂၀၂၅
Written by Nyein Kyaw
လေပတ်ကား ရွှေရောင်းဝယ်သူများကို သုံးကြိမ်ခေါ်ယူစစ်ဆေးထားပြီး ပထမဆုံး ခေါ်ယူစစ်ဆေးခဲ့သူများကို တရားရုံးတင်ကာ အရေးယူထားပြီဖြစ်ကြောင်းနှင့် ကျန်သူများကိုလည်း ဆက်လက်စစ်ဆေးနေခြင်း၊ စောင့်ကြည့်နေခြင်းများကို ဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ရွှေဈေးနှုန်း၊ ရွှေဈေးကွက်တည်ငြိမ်စေရေးနှင့် မေလ လပတ်ငွေစာရင်းရှင်းလင်းအတည်ပြုခြင်း ညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။
“ဌာနဆိုင်ရာကနေ လမ်းညွှန်ချက်ကတော့ လက်ပတ်ကားရောင်းဝယ်ဈေးနှုန်း၊ လေပတ်ကား ရောင်းဝယ်ဈေးကြောင့် ကျွန်တော်တို့ လူတော်တော်များကို ခေါ်ယူစစ်ဆေးနေတာရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကျွန်တော်တို့ ရွှေဆိုင်တွေအားလုံးကတော့ ဘောင်ချာနဲ့သွားတယ်၊ တံဆိပ်ခေါင်းနဲ့သွားတယ်။ ဘာမှပြဿနာမရှိဘူး။ ဟိုဘက်က လေပတ်ကားတွေအနေနဲ့ကြတော့ သူ့ဝိုင်းနဲ့သူလုပ်တယ်။ ဝိုင်းထဲမှာပဲ မလျော်နိုင်ဘူး။ မလျော်နိုင်တော့ ရရမယ့်ဟာတွေ မရတော့ တိုင်တာတွေရှိပါတယ်။ တိုင်တဲ့အခါမှာ ကျွန်တော်တို့ ခေါ်ယူစစ်ဆေးပြီး အရေးယူတာတွေရှိပါတယ်။ အဲဒီအဖွဲ့ကတော့ ပထမဦးဆုံးစစ်ဆေးခံရတဲ့အဖွဲ့ကတော့ တရားရုံးကို ရောက်နေပြီဖြစ်ပါတယ်” ဟု ဦးမျိုးမြင့်က ပြောသည်။
ထို့အတူ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ခေါ်ယူစစ်ဆေးခဲ့သူများကို လက်ရှိတွင် ဆက်လက်စစ်ဆေးနေပြီး စစ်ဆေးမှုတွင် မပါဝင်သော်လည်း နာမည်စာရင်းတွင် ပါဝင်သူအားလုံးကိုလည်း သက်သေအခိုင်အမာရရှိစေရန် စောင့်ကြည့်နေကြောင်း သိရသည်။
“ဒုတိယအကြိမ်လည်း ကျွန်တော်တို့ လေပတ်ကားတွေနဲ့ ပတ်သက်ပြီးတော့ ရစရာရှိတဲ့သူက သွားတိုင်တဲ့အခါကြတော့ ဒုတိယအကြိမ်မှာလည်း နှစ်ယောက်လုံးကို ခေါ်ယူစစ်ဆေးပြီးဖြစ်ပါတယ်။ တတိယအကြိမ်မှာလည်းပဲ အဲဒီလိုပဲ တိုင်တာပါပဲ။ အဓိကတော့ လေပတ်ကားကြောင့် ရွှေလောက နာမည်ပျက်နေတာ။ ကျွန်တော်တို့ တတိယအကြိမ်မှာလည်း ခေါ်ယူစစ်ဆေးနေတာရှိပါတယ်။ တတိယအကြိမ် စစ်ဆေးနေတာကို လက်ရှိလည်း ခေါ်ယူစစ်ဆေးနေပါတယ်။ ကျန်တဲ့လူကိုလည်း သူတို့ထဲမှာ စာရင်းရှိတဲ့သူကို စောင့်ကြည့်နေတဲ့အခြေအနေရှိပါတယ်။ သူတို့လည်း တရားရုံးရောက်ရင် သက်သေခိုင်လုံတဲ့ အထောက်အထားတစ်ခု ရရှိအောင်စောင့်ကြည့်နေတဲ့အခြေနေဖြစ်ပါတယ်” ဟု ဦးမျိုးမြင့်က ပြောသည်။
ခေါ်ယူစစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည့် ဧပြီ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်များတွင် လေပတ်ကား ပြင်ပဈေးကွက်တွင် ဈေးနှုန်းများ ထုတ်ပြန်မှုမရှိသော်လည်း ယနေ့တွင် ဈေးနှုန်းများ ပြန်လည်ဖော်ပြလာခြင်းလည်းဖြစ်သည်။
ယနေ့တွင် YEGA မှ ထုတ်ပြန်ထားသည့် ရည်ညွှန်းရွှေဈေးနှုန်း ကျပ် ၅၉ သိန်းသာရှိသော်လည်း ပြင်ပဈေးကွက်တွင် ၁၆ ပဲရည် (အခေါက်ရွှေ) တစ်ကျပ်သား ကျပ်သိန်း ၈၀ ကျော်နှင့် ၁၅ ပဲရည် တစ်ကျပ်သား ကျပ် ၇၆ သိန်းခန့်အထိ ဖြစ်ပေါ်လျက်ရှိသည်။ ပြင်ပရွှေဈေးနှုန်းသည် ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ် သိန်း ၂၀ ကျော် မြင့်တက်နေသည်ကို တွေ့ရှိရသည်။
ထို့ကြောင့် လက်ရှိတွင် ရွှေဈေးနှုန်းဆွဲတင်သူများနှင့် အွန်လိုင်းမှ ရွှေအရောင်းအဝယ်ပြုလုပ်ပြီး မလျော်ဘဲ ကတိပျက်သူများအား တိုင်ကြားထားမှုများရှိနေသောကြောင့် တာဝန်ရှိသူများက ခေါ်ယူမေးမြန်းစစ်ဆေးနေခြင်းဖြစ်သည်။
