၁၆. ၆. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံအပေါ် ILO ၏ Article – 33 ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ နိုင်ငံတကာအသိုင်းအဝိုင်း၊ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်သူများထံသို့ တိုက်တွန်းချက် ၄ ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ထုတ်ပြန် ကြေညာထားသည်။
အဆိုပါအချက်များမှာ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (၃၃) အရ ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် မြန်မာနိုင်ငံရှိအလုပ်ရှင်များ၊ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို ထိခိုက်မှုမဖြစ်စေရန်ဖြစ်သည်။
မြန်မာပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို အထောက်အပံ့ဖြစ်ပေါ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည့် ဥပဒေကို လေးစားလိုက်နာလျက် တာဝန်ယူမှုရှိသော တရားဝင်စီးပွားရေးလုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ အခြေခံပြဌာန်းချက်များနှင့် လိုက်နာမှုကို တိုးမြှင့်ရန်အတွက် အလုပ်ရှင်များနှင့် အလုပ်သမားအဖွဲ့အစည်းများ အပါအဝင် မြန်မာနိုင်ငံရှိ အခြားဆက်စပ်သူများကို အထောက်အပံ့ပြုပေးသွားရန်ဖြစ်သည်။
မြန်မာနိုင်ငံရှိအလုပ်ရှင်များနှင့် အလုပ်ရှင်အဖွဲ့အစည်းများ (ဥပမာ UMFCCI) ဆက်သွယ်ပူးပေါင်းမှုကို ထိန်းသိမ်းပြီး တိုးချဲ့ဆောင်ရွက်လျက် မြန်မာအလုပ်ရှင်များအနေဖြင့် အလုပ်သမားအခွင့်အရေးများကို မြှင့်တင်ခြင်း၊ လုပ်ငန်းခွင် ဆက်ဆံရေးများကို ကောင်းမွန်အောင် ပြုလုပ်ခြင်းနှင့် တာဝန်ယူမှုရှိသောစီးပွားရေးအလေ့အထများကို လုပ်ငန်းစဉ်များကို မြှင့်တင်ဆောင်ရွက်ရန်ဖြစ်သည်။
အဆိုပါ အချက် ၄ ချက်အပြင် UMFCCI သည် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အမှတ်-၃၃ (Article – 33) ဆုံးဖြတ်ချက်အရ တိုက်တွန်းအကြံပြုချက်များကို အလေးဂရုပြုလျက် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံရှိ အလုပ်သမားအခွင့်အရေးများကို ခိုင်မာစွာလိုက်နာဆောင်ရွက်ရေးနှင့် လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖြစ်ထွန်းစေရေးအတွက် မိမိအသင်းဝင်များအပါအဝင် အလုပ်ရှင်များအား ဆက်လက်ပံ့ပိုး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
