၁၆.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ မင်နက်ဆိုတာပြည်နယ်မှာ ပြည်နယ်ရဲ့ အောက်လွှတ်တော်အမတ်နဲ့ အထက်လွှတ်တော်အမတ်တို့ကို ဇွန်လ ၁၄ ရက်က အကြမ်းဖက်ပစ်ခတ်မှုတွေ သီးခြားစီပြုလုပ်ခဲ့ပြီး နောက်မှာ နှစ်ရက်နီးပါး ထွက်ပြေးလွတ်မြောက်နေတဲ့ သေနတ်သမားကို ဇွန်လ ၁၅ ရက် ညနေပိုင်းမှာ ရဲတပ်ဖွဲ့ က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

အောက်လွှတ်တော်အမတ် မယ်လစ်ဆာ ဟေ့ာသ်မန်းက ပြည်နယ်တွင်း ဘရွတ်ကလင်း ပါ့ခ်မြို့ရှိအိမ်မှာ ခင်ပွန်းဖြစ်သူနဲ့ အတူတူရှိနေတုန်း ဇွန်လ ၁၄ ရက်နံနက်မှာ သေနတ်သမားက ဝင်ရောက်ပစ်ခတ်လို့ နှစ်ဦးစလုံး သေဆုံးခဲ့ကြပါတယ်။ ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် ဂျွန်ဟော့ဖ်မန်းကိုလည်း ဇနီးသည်နဲ့အတူ ပြည်နယ်တွင်း မင်နက်ပိုလီးစ်မြို့၊ ချမ်ပလင်းရပ်ကွက်က အိမ်မှာရှိနေတုန်း ဇွန်လ ၁၄ ရက်နံနက်ကပဲ သေနတ်သမားက အချက်ပေါင်းများစွာ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဒဏ်ရာတွေ ရခဲ့ကြတာပါ။
ရဲတပ်ဖွဲ့က သေနတ်သမားကို နောက်ယောင်ခံလိုက်ခဲ့ကြရာမှာ အသက် ၅၇ နှစ်ရှိ သေနတ်သမား ဗန့်စ်ဘိုလ်တာကို မင်နက်ပိုလီးစ်မြို့ အနောက်တောင်ဘက် ကျေးလက်ဒေသက သူ့အိမ်မှာ ဇွန်လ ၁၅ ရက် ညနေမှာ ဖမ်းမိခဲ့ကြတာပါ။
အာဏာပိုင်တွေက ဘိုလ်တာဟာ ဒီလုပ်ကြံပစ်ခတ်မှုတွေကို တစ်ဦးတည်းကျူးလွန်ခဲ့တာလို့ ယုံကြည်နေတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ က ဒီပြစ်မှုနှစ်ခုအတွက် ဘိုလ်တာအနေနဲ့ ဒုတိယအဆင့်ရှိလူသတ်မှုနဲ့ ဒုတိယအဆင့် လူသတ်ရန်အားထုတ်မှုတို့ဖြင့် တရားစွဲခံရမယ်လို့ ပြောခဲ့ကြပါတယ်။
ဘိုလ်တာက အထက်လွှတ်တော်အမတ် ဂျွန်ဟော့ဖ်မန်းနဲ့ ဇနီးတို့ကို ချမ်ပလင်းက အိမ်မှာ ပစ်ခတ်မှု အရင်ပြုလုပ်ခဲ့တာပါ။ ဘရွတ်ကလင်းမြို့ ရဲတပ်ဖွဲ့က ဒီသတင်းကိုသိပြီးတဲ့နောက်မှာ အောက်လွှတ်တော်အမတ်မယ်လစ်ဆာဟေ့ာသ်မန်းရဲ့အိမ်ကို ကင်းလှည့်စောင့်ရှောက်ဖို့ ရဲအရာရှိတွေ လွှတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့အရောက်မှာပဲ ဘိုလ်တာ အိမ်တံခါးကိုဖွင့်ဝင်ကာ ဟော့သ်မန်းနဲ့ ခင်ပွန်းကို ပစ်ခတ်တာတွေ့လိုက်ရပါတယ်။ ဒီနောက် ဘိုလ်တာက ရဲအရာရှိတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။
ပထမပစ်ခတ်မှုဖြစ်ပွားအပြီး မိနစ် ၉၀ အကြာမှာ ဒုတိယပစ်ခတ်မှုဖြစ်ခဲ့တာလို့လည်း သိရပါတယ်။ ဒါပေမယ့်အာဏာပိုင်တွေက ပစ်ခတ်မှုတွေဖြစ်ပွားရတာရဲ့အကြောင်းရင်းကို အသေးစိတ်မပြောကြားသေးပါဘူး။
Ref- New York Times
