၁၆. ၆. ၂၀၂၅
Translared by Thettant
အငြိမ်းစား ထိုင်းသူနာပြုတစ်ဦးသည် ပြီးခဲ့သည့်နှစ်က TikTok အက်ပလီကေးရှင်းမှတစ်ဆင့် လိမ်လည်သူတစ်ဦးနှင့် အဆက်အသွယ်ရပြီးနောက် ချစ်ခြင်းမေတ္တာအယောင်ပြ လိမ်လည်မှုအောက် ကျရှုံးခဲ့ရသဖြင့် သူမတစ်သက်တာ စုဆောင်းငွေ ဘတ် ၁၂ သန်းနီးပါး ဆုံးရှုံးခဲ့ရသည်။
အသက် ၆၅ နှစ်အရွယ်ရှိ လိမ်လည်ခံရသူ ထိုင်းသူနာပြုအမျိုးသမီးသည် ဇွန်လ ၁၅ ရက်နေ့က “လူမှုတရားမျှတမှု ပြန်လည်ရရှိရေး လှုပ်ရှားမှုဖောင်ဒေးရှင်း” ထံ အကူအညီတောင်းခံခဲ့သည်။ သူမသည် ဥပဒေအကြောင်း နားမလည်ကြောင်းနှင့် အသက် ၄၀ အရွယ်ရှိ ဒါဟုသာ သိထားရသော လိမ်လည်သူ အမျိုးသမီးကို တရားဥပဒေအရ အရေးယူရန် မည်သည့်နေရာမှ စတင်ရမှန်းမသိကြောင်း ပြောဆိုအကူအညီတောင်းခဲ့သည်။
သတင်းစာရှင်းလင်းပွဲအတွင်းတွင် သားကောင်ဖြစ်သူက ဒါသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၅ ရက်နေ့က TikTok မှတစ်ဆင့် သူမကို ပထမဆုံးအကြိမ် ဆက်သွယ်ခဲ့ကြောင်း ရှင်းပြခဲ့သည်။ ဒါက သူမသည် အထီးကျန်ကြောင်း ပြောကြားခဲ့ပြီးနောက် နှစ်ဦးသား ချစ်ခင်ကျွမ်းဝင်သော ဆက်ဆံရေးကို စတင်ခဲ့ကြသည်။ တစ်ပတ်ခန့် စကားပြောပြီးနောက် ဒါက အငြိမ်းစားသူနာပြုသားကောင်ကို Cryptocurrency တွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
ဒါက သူမ၏ အဒေါ်သည် စင်ကာပူရှိ ထိပ်တန်း Crypto ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ပြီး ရင်းနှီးမြှုပ်နှံမှု အထူးကျွမ်းကျင်သူဖြစ်ကြောင်း ပြောကြားခဲ့သလို ရင်းနှီးမြှုပ်နှံမှုသည် တရားဝင်သည်ဟုလည်း သူမက လိမ်လည်ခံရသူကို အာမခံခဲ့သည်။
မျက်နှာချင်းဆိုင် တစ်ခါမှ မတွေ့ဖူးသော်လည်း အငြိမ်းစား ထိုင်းသူနာပြုသည် ဒါအကြံပေးသည့်အတိုင်း ရင်းနှီးမြှုပ်နှံရန် သဘောတူခဲ့သည်။ ဒါက Bitkub platform မှတစ်ဆင့် USDT ဝယ်ယူရန် တိုက်တွန်းခဲ့ပြီး ငွေများကို သူမထံ တိုက်ရိုက်လွှဲပြောင်းပေးရန်နှင့် သူမက ငွေပေးငွေယူများကို ဆောင်ရွက်ပေးမည်ဟု စည်းရုံးခဲ့သည်။
အငြိမ်းစား ထိုင်းသူနာပြုသည် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ဒါထံ ပထမဆုံးအကြိမ် ဘတ် ၅,၀၀၀ လွှဲပြောင်းပေးခဲ့ပြီး အမြတ်အဖြစ် ဘတ် ၆,၀၀၀ ပြန်ရရှိခဲ့သည်။ ယင်းကြောင့် အားတက်လာကာ ဆက်လက်၍ ငွေများ လွှဲပြောင်းခဲ့သည်။ ဖေဖော်ဝါရီလမှ မတ်လအထိ သူမသည် စုစုပေါင်း ဘတ် ၁၂ သန်းနီးပါးရှိသော ငွေလွှဲ ၁၄ ကြိမ် ပြုလုပ်ခဲ့သည်။
ဧပြီလကုန်တွင် အငြိမ်းစား ထိုင်းသူနာပြုက သူမ၏ ရန်ပုံငွေများကို ထုတ်ယူခွင့် တောင်းခံခဲ့သည်။ ဒါက သူမ၏ ရင်းနှီးမြှုပ်နှံမှုကို ပြန်လိုချင်ပါက အခွန် ဘတ် ၅ သန်းခန့် ပေးဆောင်ရမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ လိမ်လည်ခံရသူအငြိမ်းစား ထိုင်းသူနာပြုက ဆက်လက်ပေးချေရန် ငွေမရှိတော့ကြောင်း ပြန်ပြောခဲ့ပြီးနောက် ဒါသည် သူမကို ရုတ်တရက် အဆက်အသွယ် ဖြတ်တောက်သွားခဲ့သည်။ ထိုအချိန်တွင်မှ အငြိမ်းစား ထိုင်းသူနာပြုက သူမ အလိမ်ခံရကြောင်း သိရှိခဲ့သည်။
အငြိမ်းစား သူနာပြုက ဒါ၏ ဇိမ်ခံဘဝနေထိုင်မှုများကို ပြသထားသည့် TikTok ဗီဒီယိုများကြောင့် သူမကို စတင်ယုံကြည်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဒါသည် ၎င်းတို့၏ စကားပြောဆိုမှုများအတွင်း ချစ်ခင်ကြောင်း မကြာခဏ ဖော်ပြလေ့ရှိသည်။ သို့သော် ဒါသည် သားကောင်ကို မျက်နှာချင်းဆိုင် တွေ့ဆုံရန် သို့မဟုတ် ဗီဒီယိုခေါ်ဆိုရန်ပင် တစ်ခါမျှ ခွင့်မပြုခဲ့ပေ။ ဖုန်းခေါ်ဆိုမှုများကိုလည်း ပြန်မဖြေခဲ့ပေ။
အငြိမ်းစား ထိုင်းသူနာပြုသည် အလိမ်ခံရမှန်း သိရှိပြီးနောက်တွင်ပင် ဒါထံ စာများ ဆက်လက်ပို့နေခဲ့ကြောင်း ဝန်ခံခဲ့သည်။ သို့သော် သူမနှင့် ဒါသည် ပိုမို ဝေးကွာလာခဲ့ပြီး နောက်ဆုံးတွင် လုံးဝပြန်မဖြေတော့ဘဲ ဆက်ဆံမှု ရပ်တန့်သွားခဲ့သည်။
“လူမှုတရားမျှတမှု ပြန်လည်ရရှိရေး လှုပ်ရှားမှုဖောင်ဒေးရှင်း” ဥက္ကဋ္ဌ ရွန်နာယောင် ကောဖတ်က ဆိုက်ဘာရဲတပ်ဖွဲ့ထံ တရားဝင် တိုင်ကြားချက် တင်သွင်းရာတွင် သားကောင်နှင့်အတူ လိုက်ပါဆောင်ရွက်ပေးမည်ဟု မီဒီယာများကို ပြောကြားခဲ့သည်။ ဒါသည် အတုအယောင် လိမ်လည်သူဟုတ်မဟုတ်နှင့် ကိုယ်ပိုင်အမည်ရင်းကို အသုံးပြုနေခြင်းဟုတ်၊ မဟုတ်ကို ဆုံးဖြတ်ရန် သူမ၏ ကိုယ်ရေး အထောက်အထားကို စစ်ဆေးရန်လည်း စီစဉ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
စုံစမ်းမိသူ ဒါ အကောင့် ကိုယ်တိုင်က အမှန်တကယ်တည်ရှိသူအမျိုးသမီးဖြစ်ပြီး ချစ်ခြင်းမေတ္တာအယောင်ပြ လိမ်လည်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပေါ်ပေါက်လာပါက ရွန်နာယောင်သည် အဆိုပါကိစ္စကို ဖြေရှင်းရန်အတွက် နှစ်ဖက်အကြား ညှိနှိုင်းမှုများတွင် ကြားဝင်ဆောင်ရွက်ပေးမည်ဟုလည်း မီဒီယာများကို ပြောကြားခဲ့သည်။
Ref, Thaiger



