၁၆.၆.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရတ်ရှ်ထရာပြည်နယ်၊ ပွန်းခရိုင်အတွင်း ကွန်ဒါမာလာနယ်မြေမှာရှိတဲ့ လူသိများတဲ့ ကမ္ဘာလှည့်ခရီးသွားတွေသွားလာရာနေရာမှာရှိတဲ့ မြစ်ဖြတ်တံတားတစ်စင်းဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုနဲ့အတူ ဇွန်လ ၁၅ ရက်က ပြိုကျခဲ့ရာမှာ လူနှစ်ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် ဒီဗန်ဒရာ ဖတ်နာဗီးစ်က ဆေားရုံသို့တင်ပို့ထားရသူတွေအနက် အနည်းဆုံးခြောက်ဦးက စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။ မီဒီယာတွေကလည်း တံတားပြိုကျချိန်မှာ ကမ္ဘာလှည့်ခရီးသွားအများအပြားတံတားပေါ်မှာရှိနေကြပြီး တချို့ကတော့ ရေပြည့်လျှံနေတဲ့ မြစ်ထဲကျကုန်ကြတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
ဖတ်နာဗီးစ်က လူခြောက်ဦးကိုတော့ ကယ်ဆယ်လိုက်နိုင်ပြီး တချို့ကတော့ မြစ်ရေမှာ မျောပါသွားလို့ အထူးလိုက်လံရှာဖွေနေရတယ်လို့လည်း ဆိုခဲ့ပါတယ်။
ကွန်ဒါမာလာ နယ်မြေမှာ ပြီးခဲ့တဲ့ရက်တွေအတွင်း မိုးက သည်းထန်စွာ ရွာသွန်းခဲ့တာပါ။ ဒါကြောင့် ပြီးခဲ့တဲ့ရက်တွေမှာ မြစ်ရေက ပြည့်လျှံတိုးလာခဲ့တာလို့ သိရပါတယ်။ ဒီနယ်မြေက မကြာခဏပျော်ပွဲစား ထွက်သူတွေတွေ့ရတတ်တဲ့နယ်မြေဖြစ်ပြီး တံတားပြိုကျချိန်ကတော့ မိုးရွာနေခြင်း မရှိဘူးလို့ ဆိုပါတယ်။
အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးအဖွဲ့နဲ့ တခြားရှာဖွေရေးနဲ့ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေကြတယ်လို့လည်း သတင်းတွေကဆိုပါတယ်။
အိန္ဒိယနိုင်ငံရှိ အခြေခံအဆောက်အအုံတွေက လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စတွေကြောင့် သိက္ခာကျ ရုပ်ပျက်ရမှုတွေရှိကာ အဝေးပြေးလမ်းတွေနဲ့ တံတားတွေမှာ ခုလိုအဖြစ်ဆိုးတွေနဲ့ တွေ့ကြုံရလေ့ရှိပါတယ်။
Ref- AP


