
၁၅. ၆. ၂၀၂၅
Written by Phyo Wei
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေအပေါ် နိုင်ငံရေးအရ ပါဝင်စွက်ဖက်မှုကို တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း ကုလသမဂ္ဂကို ပြောကြားလိုက်တဲ့ ဒီတစ်ပတ်မှာပဲ ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်၊ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသန်းထွန်း၊ အငြိမ်းစားသံအမတ်ကြီး ဦးချိုထွန်းအောင် (ဗိုလ်ချုပ် -ငြိမ်း) အပါအဝင် မြန်မာပြည်က လူသိများထင်ရှားသူ အများအပြားကို လိုက်လံ သတ်ဖြတ်ထားတဲ့ NUG လက်အောက်ခံ PDF အဖွဲ့ဖြစ်တဲ့ Golden Valley Warrior အဖွဲ့က လူသတ်တရားခံ PDF အများအပြားကို ဖမ်းမိလိုက်ပါတယ်။ တရားခံတွေ ဖမ်းဆီးမိကြောင်း ထုတ်ပြန်ချက်မှာတော့ အဓိကလူသတ်သမားရဲ့ ခြောက်နှစ်သမီးပုံကို တရားခံစာရင်းသွင်းထားတာကြောင့် ဝေဖန်မှုတွေ ကြုံခဲ့ရသလို အခြားတစ်ဖက်မှာလည်း အွန်လိုင်းကတစ်ဆင့် ကုန်ပစ္စည်းတွေ တရားမဝင် တင်သွင်းရောင်းချပြီး အကြမ်းဖက်အဖွဲ့တွေ ထောက်ပံ့ပေးနေသူ အဆိုတော်ချမ်းချမ်းက ခိုင်းစေနေတဲ့ PDF ထောက်ပို့နှစ်ဦး ဖမ်းမိလိုက်တာနဲ့ ဒီလို အွန်လိုင်းက ပစ္စည်းရောင်းပြီး ထောက်ပို့လုပ်နေသူတွေဆီက ဝယ်ယူအားပေးသူတွေပါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ အရေးယူမယ်လို့ ထုတ်ပြန်လာတာလည်း မြင်ရပါသေးတယ်။
ဒါ့အပြင်လည်း TNLA က ကျားဖြန့်လုပ်ကိုင်သူ တရုတ် ၁၂ ဦးကို ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းလိုက်တယ်ဆိုတဲ့ဖြစ်စဥ်တွေ၊ တပ်မတော်(လေ)က တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေချိန် စက်ချို့ယွင်း ပျက်ကျကာမီးလောင်မှုဖြစ်ပွားခဲ့တာကို PDF တွေက ပစ်ချတာပါလို့ လိမ်လည် ပွဲခံတာတွေ၊ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အတူနေသူ အမျိုးသားက အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်မှုမှာ ပူးပေါင်းပါဝင်သူ ၈ ဦးကို ဖမ်းဆီးထားတယ်လို့ AA ပြောခွင့်ရ ခိုင်သုခ ဝန်ခံထုတ်ပြောလာတာတွေ၊ ကိုးကန့် MNDAA အဖွဲ့က ကွတ်ခိုင်နယ် သာသနာ့မြေမှာ စစ်ဆေးရေးဂိတ် ဆောက်လုပ်နေလို့ ဒေသခံတွေ မကျေနပ် ဖြစ်နေရတာတွေ၊ AA နဲ့ NUG ဩဇာခံ MTC/MDF က အသက် ၄၅ နှစ်အောက် မရာချင်းလူမျိုးတိုင်း စစ်မှုထမ်းရမယ် အမိန့်ထုတ်လိုက်တာကြောင့် မရာချင်းလူငယ်တွေ ထွက်ပြေးနေရတဲ့ဖြစ်စဥ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကိုတော့ မြန်မာကို ခရီးသွားမှုပိတ်ဆို့လိုက်တဲ့ အမေရိကန်နိုင်ငံအကြောင်း၊ ထိုင်းနိုင်ငံက နှိမ်နင်းမယ်ဆိုမှ တရုတ်နဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဖမ်းဆီးပြတဲ့ “ဝ”နဲ့ လာမယ့် ဒီဇင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို FPTP ရော၊ PR စနစ်နဲ့ရော လုပ်ဆောင်ပြီး ၂၆၇ နေရာ ကျင်းပမယ်ဆိုတဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ မြန်မာကို ခရီးသွားမှုပိတ်ဆို့လိုက်တဲ့ အမေရိကန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အာဖဂန်နစ္စတန်၊ ချတ်ဒ်၊ အီကွေတိုရီးယယ်လ် ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ မြန်မာ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဆိုမာလီယား၊ ဆူဒန်နဲ့ ယီမင်နိုင်ငံတို့ကို အမေရိကန်နိုင်ငံဆီ ခရီးသွားမှု ပိတ်ပင်လိုက်သလို ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆိုင်ရာလီယွန်နီး၊ တိုဂို၊ တာ့က်မင်နစ်စတန်နဲ့ ဗင်နီဇွဲလားတို့ကိုတော့ တစ်စိတ်တစ်ပိုင်း ပိတ်ပင်လိုက်တာ တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုပိတ်ပင်ရတာလဲဆိုရင်တော့ ဒီနိုင်ငံတွေအတွင်းမှာ ခရီးသွားတွေကို စိစစ်မှုလျော့ရဲတာ၊ နိုင်ငံတွေရဲ့ နယ်မြေအတွင်း သိသာထင်ရှားတဲ့ အကြမ်းဖက်သမားတွေတည်ရှိနေတာ၊ ပြည်နှင်ဒဏ်ခံရတဲ့ နိုင်ငံသားတွေ ဒါမှမဟုတ် အမေရိကန်မှာ သူတို့ရဲ့ ပြည်ဝင်ခွင့် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူတွေကို ပြန်လည်လက်ခံဖို့ အစိုးရက လုံလောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာ စတဲ့ စွပ်စွဲချက်တွေနဲ့ပါ။
ထရမ့်ပ်ဟာ သူ တက်လာလာချင်းမှာပဲ မြန်မာနိုင်ငံကို စစ်မီးမွှေးနေတဲ့ USAID ကို ဖြိုဖျက်ကာ သူကတစ်ဆင့် NUG, PDF နဲ့ EAOs တွေ NGO တွေ ရရှိနေတဲ့ ထောက်ပံ့ငွေ နှစ်စဥ် သန်း ၃၀၀ လောက် ဖြတ်တောက်ချလိုက်သလို မြန်မာကျောင်းသားတွေကို ပေးနေတဲ့ ပညာသင်ထောက်ပံ့ကြေး သန်း ၅၀ လောက်လည်း ဖြတ်ချလိုက်ပြီး မြန်မာနိုင်ငံကိုလည်း အခွန်စည်းကြပ်မှု တိုးမြှင့်ခဲ့ပါသေးတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားအများအပြားကိုလည်း ပြန်ပို့မှာဖြစ်ပြီး အခုတစ်ကြိမ်ကတော့ မြန်မာနိုင်ငံသားဆိုတာနဲ့ကို အမေရိကန်ထဲ ဝင်မရအောင် ပိတ်ချလိုက်တာပါ။ ဒီလိုမျိုး ထရမ့်ပ်ရဲ့လုပ်ရပ်ဟာ နိုင်ငံကြီးတွေဆီရောက်ဖို့ ကိုယ့်နိုင်ငံကို မီးလောင်တိုက်သွင်းနေသူတွေအဖို့ မနှစ်မြို့စရာဖြစ်ပေမဲ့ အမေရိကန်ပြည်သူတွေဘက်က ကြည့်မယ်ဆိုရင်တော့ ကိုယ့်နိုင်ငံအပေါ်တောင် သစ္စာမရှိကြဘဲ အလုံးစုံပျက်သုဥ်းရေးနဲ့ ဖြိုဖျက်၊ ဖျက်ဆီးနေတဲ့ NLD, CRPH, NUG, PDF နဲ့ EAOs တွေ ထောက်ပို့တွေ ဆက်ပြီး လက်ခံနေရင် ဒီလိုလူတွေက သူတို့နိုင်ငံအပေါ်လည်း သစ္စာရှိမှာမဟုတ်ဘဲ အကြမ်းဖက်ဖျက်ဆီးကြမယ့်သူတွေလို့ တွေးမိကြမှာမို့လို့ ဒီလိုပိတ်ဆို့တာကို အမေရိကန်ပြည်သူတွေကတော့ ကျေနပ်မှာပါ။
◾ ထိုင်းက နှိမ်နင်းမယ်ဆိုမှ တရုတ်နဲ့ မူးယစ်ဆေးအဖမ်းပြတဲ့ “ဝ”
ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးသွင်းနေတဲ့ “ဝ”လက်နက်ကိုင် UWSA ကို နှိမ်နင်းမယ်လို့ ထိုင်းအစိုးရအဖွဲ့အပေါ် အာဏာအရှိဆုံးနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အကြံပေးဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထုတ်ဖော် ပြောကြားအပြီးမှာ “ဝ” ဘက်က သူတို့ မူးယစ်ဆေးမဖြန့်ဘူးလို့ ငြင်းပေမဲ့ ထူးထူးခြားခြားလုပ်ဆောင်မှုတစ်ခုကိုတော့ လုပ်ပြခဲ့ပြီး အဲဒါကတော့ တရုတ်နိုင်ငံဆီ မူးယစ်ဆေး မှောင်ခိုကူးတဲ့အဖွဲ့ကို တရုတ်နိုင်ငံနဲ့ ပူးပေါင်း ဖမ်းဆီးခဲ့တယ်လို့ UWSA ဘက်က ထုတ်ပြန်လာတာပါ။
“ဝ”နဲ့ တရုတ်ဟာ နယ်မြေထိစပ်နေသလို ထိုင်းနဲ့လည်း ထိစပ်ပါတယ်။ ဒါ့အပြင် မဝေးသေးတဲ့ သမိုင်းမှာလည်း “ဝ”ဟာ မူးယစ်ဆေးအကြီးဆုံးထုတ်လုပ်ဖြန့်ဖြူးသူဆိုတဲ့ မှတ်တမ်းတွေရှိလို့ မပြေးသော်လည်း ကန်ရာရှိနေတဲ့ အခြေအနေမှာ သက်ဆင်က မြန်မာနဲ့ လာအိုအစိုးရတွေနဲ့ပေါင်းပြီး “ဝ”ရဲ့ မူးယစ်ဆေးထုတ်လုပ်မှုကို နှိမ်နင်းမယ်လို့ ပြောလာတာကြောင့် “ဝ”ဟာ တရုတ်ကိုပါ ဒီအရေးမှာ ဆွဲထည့်လိုက်တဲ့အသွင်ဖြစ်လာပြီး ပထဝီနိုင်ငံရေးအရ အရှုပ်အထွေးဖြစ်နေတဲ့ နိုင်ငံတွေကြားထဲ မူးယစ်ဆေးသပွတ်အူကိုပါ ထပ်ပစ်ထည့်လိုက်သလိုပါပဲ။ ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတာတစ်ခုက “ဝ”ဟာ သူ့နယ်မြေထဲ တရုတ်ကိုပို့ဖို့ မူးယစ်ဆေးထုတ်လို့ ဖမ်းမိတယ်ဆိုတဲ့ အဖွဲ့ကို အဖွဲ့အမည်၊ ခေါင်းဆောင်၊ အဖွဲ့ဝင်တွေကို ဖုံးကွယ်ခဲ့ပြီး စိတ်ကြွဆေးပြား ၇၂၇ ဒသမ ၅ ကီလိုဂရမ်၊ ဘိန်း ၆ ဒသမ ၂ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၉ ကီလို၊ Ephedrine ဝ ဒသမ ၅ ကီလိုဂရမ်၊ သံသယဖြစ်ဖွယ် မူးယစ်ဆေးဝါး ဝ ဒသမ ၃ ကီလိုဂရမ်နဲ့ ဆေးဝါး ၆၅ ပုလင်း လွှဲပေးတယ်လို့ပဲ ဖော်ပြခဲ့တာပါ။ မူးယစ်ဆေးထုတ်တဲ့အဖွဲ့ဆိုရာမှာ လွှဲပေးတဲ့ပမာဏက နည်းသလို လွှဲပေးသူတွေကလည်း အမေရိကန်က မူးယစ်ဆေးဝါးမှုနဲ့ ဝရမ်းထုတ်ခံရဖူးတဲ့ “ဝ” လက်နက်ကိုင်ခေါင်းဆောင်တွေဟုတ်မဟုတ် ထုတ်ပြန်ခဲ့တာမရှိလို သက်ဆင်ရဲ့ စွပ်စွဲမှုဖြစ်တဲ့ “ဝ” လက်နက်ကိုင် UWSA က မူးယစ်ဆေးထုတ်ပြီး ထိုင်းနိုင်ငံကို ဖြန့်ဖြူးလို့ မြန်မာ၊ လာအိုအစိုးရတွေနဲ့ ပူးပေါင်းနှိမ်နင်းမယ် ပြောကြားချက်ဟာ တရုတ်ပါဝင်လာမှုနဲ့အတူ ဘာဆက်ဖြစ်လာမလဲ စောင့်ကြည့်ချင်စရာ ထပ် ဖြစ်လာရပြန်ပါတယ်။
◾ ၂၆၇ နေရာ ကျင်းပမယ့် ရွေးကောက်ပွဲ
လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်စနိုင်ဖို့ အဖြစ်သဘောလုပ်မယ်ဆိုရင် ပုဒ်မ ၈၅ (က) နဲ့ (ခ) အရ သိက္ခာရှိရှိ လွှတ်တော်စနိုင်ဖို့ဆိုရင် အနိမ့်ဆုံးမှာ ရွေးကောက်ခံကိုယ်စားလှယ် ၁၆၇ ဦးပဲလိုအပ်ပြီး နိုင်ငံရေးအကျပ်အတည်းအခြေအနေပြင်းထန်လို့ အဖြစ်သဘောနဲ့ဆိုရင် ရွေးကောက်ခံကိုယ်စားလှယ် ၅၆ ဦးပဲ လိုပေမဲ့ မြေပြင်ခန့်မှန်းချက်အရ လာမယ့် ရွေးကောက်ပွဲကို ကိုယ်စားလှယ် ၂၅၀ ပတ်ခြာလည်နဲ့အထက် ရွေးကောက်ခံနိုင်မယ်လို့ MT News ခန့်မှန်းခဲ့တဲ့အတိုင်း ဒီတစ်ပတ်မှာတော့ ၂၀၂၅ ဒီဇင်ဘာ ရွေးကောက်ပွဲကို FPTP နဲ့ PR စနစ်နှစ်မျိုးစလုံးကို အသုံးပြုဆောင်ရွက်မှာဖြစ်ပြီး လက်ရှိစာရင်းအရ မြို့နယ်ပေါင်း ၂၆၇ ခုမှာ ကျင်းပဖို့စီစဥ်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောလာတာ တွေ့ရပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲမလုပ်နိုင်သေးတဲ့ ၆၃ မြို့နယ်ကိုလည်း နယ်မြေတွေ သတ်မှတ်ပေးထားပြီး ၂၀၂၅ ဒီဇင်ဘာ ရွေးကောက်ပွဲပြီးတာနဲ့ တပ်မတော်က EAOs နဲ့ NUG, PDF တွေ ထိန်းချုပ်ထားလို့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ နယ်မြေတွေရှင်းလိုက်၊ ဒီနယ်မြေတွေမှာ စစ်ပွဲနဲ့ ငရဲပဲမြင်ရတဲ့အခြေအနေကြားကနေ ဒီမိုကရေစီကို တစ်ကျော့ပြန်မြင်ရမယ့် ရွေးကောက်ပွဲကျင်းပလိုက် အခြေအနေကို တွန်းအားပေးသွားမယ့် ပုံစံလို့လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ဖြေကြားချက်မှာ ထင်ဟပ်နေတယ်လို့ သဘောပေါက်ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အာဏာရလာတဲ့ ဦးသိန်းစိန်အစိုးရဟာ ၂၀၁၅ ရွေးကောက်ပွဲ မနိုင်တဲ့အရှုံးကို လက်ခံပြီး အနိုင်ရ NLD ပါတီကို အသာတကြည် အာဏာလွှဲပြောင်းပေးအပ်လိုက်တဲ့ ဒီမိုကရေစီယဥ်ကျေးမှုအလေ့အထကို ပျိုးထောင်ပြခဲ့ပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အာဏာလက်မလွှတ်ချင်တဲ့ NLD ပါတီဟာ နိုင်ငံရေးအာဏာသုံးပြီး မဲမသမာမှုကို ကပေါက်တိကပေါက်ချာလုပ်ရာကနေ တပ်မတော်က မဲဝင်စစ်ချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဖောက်ဖျက်ပြီး လွှတ်တော်မခေါ်မှုလုပ်ခဲ့တဲ့အထိ ဆိုးရွားခဲ့တာကြောင့် အာဏာအငြင်းပွားမှုပေါ်ပေါက်ခဲ့ချိန်မှာ NLD နဲ့ သူကတစ်ဆင့်ပေါက်ဖွားလာတဲ့ CRPH, NUG, PDF နဲ့ EAOs တွေက နိုင်ငံကို တိုက်ခိုက်ဖျက်ဆီးမှုလုပ်ခဲ့တာ ငါးနှစ်ပြည့်တော့မှာပါ။ ဒီငါးနှစ်အတွင်းမှာ ဘယ်လိုသူပုန်မျိုးမှမလုပ်တဲ့ နိုင်ငံပိုင်အခြေခံ အဆောက်အအုံတွေ ဖျက်ဆီးမှု သောင်းနဲ့ချီ လုပ်ခဲ့ကြသလို အပြစ်မဲ့ ဝန်ထမ်းပြည်သူ သောင်းနဲ့ချီကိုလည်း သတ်ထားပါသေးတယ်။ ဒီလို သတ်ဖြတ်မှုတွေထက် ဆိုးရွားတာက ပြည်သူတွေဟာ တပ်မတော်နဲ့ အစိုးရကို တရားဝင်ဝေဖန်ပြောကြားပိုင်ခွင့်ပါ ဆုတ်ယုတ်သွားတဲ့ ဒီမိုကရေစီနဲ့အတူ မှေးမှိန်သွားခဲ့ရပေမဲ့ လာမယ့် ၂၀၂၅ ဒီဇင်ဘာကနေ အလွန်ဆုံး ၂၀၂၆ ဧပြီ အကျော်မှာ ပြည်သူတွေဟာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ကို ပြန်လည် ဝေဖန်ထောက်ပြခွင့်ရလာပါလိမ့်မယ်။ ဒီလို ပြန်လည်ဝေဖန်ထောက်ပြခွင့်ဟာ အင်မတန် တန်ဖိုးရှိတယ်ဆိုတာကို လက်နက်ကိုင်တိုင်းကြောက်နေရတဲ့ ဒီငါးနှစ်က သက်သေပြနေပြီမို့လို့ ပြန်ရလာတော့မယ့် ပြည်သူ့ဝေဖန်ထောက်ပြခွင့်ကို မဖျက်ဆီးဘဲ ဆက်လက်ဆုပ်ကိုင်ထားပြီး ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ထောက်ခံအားပေးကြပါလို့ တိုက်တွန်းရင်း MT News ရဲ့ ဒီတစ်ပတ် နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။