
၁၅.၆.၂၀၂၅
Written By Zun
ငလျင်ဘေးသင့် ဒေသများတွင် နည်းပညာမြင့် အသင့်သုံးနေအိမ် (Instant House) များ ထောက်ပံ့နိုင်ရေး ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သည့် LIFULL ArchiTech က လုပ်ဆောင်နေကြောင်း အဆိုပါ ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာ မစ္စတာ Tsukasa Yamanaka က ပြောသည်။
ယင်း နည်းပညာမြင့် အသင့်သုံးနေအိမ် (Instant House) များကို ဂျပန်နိုင်ငံတွင် ကုန်ကျသည့် ငွေကြေးကို မြန်မာငွေဖြင့် တွက်ချက်ပါက ကျပ်သိန်း ၃၀၀ ခန့် ရှိနိုင်သောကြောင့် လက်ရှိတွင် ဈေးနှုန်း လျှော့ချနိုင်ရေးအတွက် မည်သို့ လုပ်ဆောင်ရမည်ကို စီစဉ်နေဆဲ ဖြစ်ကြောင်း သိရသည်။





အဆိုပါ ကုမ္ပဏီအနေဖြင့် ငလျင်လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း၊ မန္တလေးနှင့် ပြင်ဦးလွင်ဒေသတို့ကို သွားရောက် ကွင်းဆင်းခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
“ငလျင်ဘေးသင့်ပြည်သူတွေအတွက် Instant House တွေ ပံ့ပိုး ကူညီပေးသွားချင်ပါတယ်။ မြန်မာနိုင်ငံ ရာသီဥတုနဲ့လည်း အဆင်ပြေတဲ့အတွက် ကူညီလှူဒါန်းရေးကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ငလျင်လှုပ်သွားတဲ့ ဘယ်နေရာ၊ ဘယ်ဒေသတွေမှာ လိုအပ်တယ်ဆိုတာကို မြေပြင်ကွင်းဆင်းပြီးတော့ စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ အလှူရှင်တွေက လှူနိုင်ဖို့အတွက်ကို လုပ်ဆောင်ပေးနိုင်ဖို့ သက်ဆိုင်ရာအစိုးရကို တင်ပြပြီးတော့ လုပ်ဆောင်သွားမှာပါ”ဟု မစ္စတာ Tsukasa Yamanaka က ပြောသည်။
Instant House တစ်လုံး၏ အလေးချိန်မှာ ၃၀ ကီလိုရှိပြီး အလွယ်တကူ သယ်ယူနိုင်ကာ ဂျပန်နိုင်ငံ Standard ဖြင့် ထုတ်ပြန်လုပ်ထားကြောင်း သိရသည်။
“ကုန်ကျစရိတ်က ဈေးများတယ်။ တစ်လုံးကို ဂျပန် ယန်း တစ်သောင်းတစ်ရာလောက်ရှိတဲ့အတွက် ပြည်တွင်းဈေးနဲ့ အဆင်ပြေအောင် နည်းစနစ်ကို ရှာဖွေနေပါတယ်။ ဈေးလည်းနည်းရမယ်။ အရည်အသွေးလည်း ရှိရမယ်ပေါ့။ ဂျပန်ပစ္စည်းဖြစ်ပေမဲ့လည်း ပြည်တွင်းမှာ ကြိုးစားထုတ်လုပ်နိုင်တဲ့ သူတွေကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်။Instant House မှာ မိသားစု တစ်စု နေထိုင်လို့ရပါတယ်”ဟု ယင်းက ဆိုသည်။
