◾ အမေရိကန်လွှတ်တော်အမတ်လင်မယားနှစ်စုံတွဲလည်း လုပ်ကြံခံရပြီး တစ်စုံတွဲ သေဆုံး

၁၅.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတဒေါ်နယ်ထရန့် အနေနဲ့ ဇွန်လ ၁၄ ရက်မှာတော့ သူ့အဖို့ ကြာရှည်စောင်ဆိုင်း ကြိုးစားခဲ့ရတာလို့လည်း ဆိုနိုင်တဲ့ အမေရိကန်စစ်တပ်ရဲ့ နှစ် ၂၅၀ ပြည့်မြောက် ချီတက်ပွဲအခမ်းအနားကို ဝါရှင်တန် ဒီစီ မြို့တော်မှာ ကျင်းပနိုင်ခဲ့ပါတယ်။ ဝါရှင်တန် ဒီစီမြို့တော်၊ ဆင်ခြေဖုံးလမ်းတွေပေါ်မှာ နှစ် ၂၅၀ ပြည့် ချီတက်ပွဲကို ကျင်းပနိုင်ခဲ့တာက ဂုဏ်ယူစရာလို့ဆိုရမှာပါ။ ဒါပေမယ့် ဇွန်လ ၁၄ ရက် တစ်နေ့လုံးမှာ နိုင်ငံအနှံ့ဖြစ်ပွားနေခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့် အကြမ်းဖက်မှုတွေနဲ့စိတ်သဘောထား ကွဲလွဲကြမှုတွေက ဒီ ဂုဏ်ယူဖွယ်ချီတက်ပွဲအခမ်းအနားကို များစွာ ရုပ်ပျက်စေခဲ့တယ်လို့ ဆိုရမှာပါ။

ဝါရှင်တန် ဒီစီမှာ စစ်ချီတက်ပွဲစတင်လို့ နာရီပိုင်းအတွင်းမှာပဲ သိန်းနဲ့ချီတဲ့ အမေရိကန်တွေက နယူး ယော့ခ်မြို့၊ ချီကာဂိုမြို့၊ လော့စ်အိန်ဂျယ်လ်မြို့တွေက လမ်းတွေပေါ်မှာ စုဝေးချီတက်ခဲ့ကြပါတယ်။ ဒါက ထရန့်အဖို့ ဇန်နဝါရီလမှာ သမ္မတအဖြစ် စတင်တာဝန်ယူကတည်းက သူ့ရဲ့မူဝါဒတွေကို ဆန့်ကျင်တဲ့ အကြီးမားဆုံးဆန္ဒပြမှုလည်း ဖြစ်ခဲ့တာပါ။
ပိုလို့ အရုပ်ဆိုးစေတာကတော့ ဇွန်လ ၁၄ ရက် နံနက်က မင်နက်ဆိုးတာပြည်နယ်ရဲ့ အောက်လွှတ်တော်အမတ်နဲ့အထက်လွှတ်တော်အမတ်တို့ကို သေနတ်သမားတစ်ဦးက ပြည်နယ်အတွင်း သီးခြားမြို့တစ်မြို့စီက သူတို့ရဲ့အိမ်တွေမှာ ပစ်ခတ်လုပ်ကြံမှုတွေ ဖြစ်ခဲ့တာပါပဲ။အောက်လွှတ်တော်အမတ်နဲ့ အတူရှိနေတဲ့ ခင်ပွန်းဖြစ်သူတို့လည်း သေဆုံးခဲ့ပြီး အထက်လွှတ်တော်အမတ်နဲ့ဇနီးတို့မှာလည်း ပြင်းထန် ဒဏ်ရာတွေရခဲ့တာပါ။ ဒီအမတ်နှစ်ဦးစလုံးကလည်း ဒီမိုကရက်ပါတီက ဖြစ်ကြရာမှာတော့ နိုင်ငံရေးအရ လှုံ့ဆော် သတ်ဖြတ်မှုရယ်လို့တောင် စွပ်စွဲခဲ့ကြတာပါ။

ဒီအတောအတွင်း အစ္စရေးနဲ့အီရန်တွေရဲ့ နေ့ချင်းညချင်းပေါ်လာခဲ့တဲ့ ပဋိပက္ခက ဇွန်လ ၁၄ ရက် ညကနေ ဇွန်လ ၁၅ ရက်နံနက်အထိ မီးကုန်ယမ်းကုန်ပစ်ခတ်နေကြဆဲပါ။
လောစ်အိန်ဂျယ်လ်မြို့မှာ တစ်ပတ်ကျော်လာပြီဖြစ်တဲ့ ဆန္ဒပြပွဲတွေကို ထိန်းချုပ်နိုင်ဖို့ ရဲတပ်ဖွဲ့တွေအပြင် အမျိုးသားအစောင့်တပ်ဖွဲ့၊ မရိန်းတပ်ဖွဲ့တွေနဲ့ မြင်းစီးတပ်ဖွဲ့တွေပါ ပါဝင်လုပ်ဆောင်နေကြတဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ပွားနေပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ စစ်ချီတက်အခမ်းအနားကျင်းပမယ့် ဇွန်လ ၁၄ ရက်က သမ္မတထရန့်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့ကလည်း ဖြစ်နေပြန်ပါတယ်။ ဝါရှင်တန်ဒီစီနယ်မြေမှာ မိုးသက်မုန်တိုင်းကျနိုင်တယ် ဆိုတဲ့ ရာသီဥတုခန့်မှန်းချက်ကြောင့်လည်း ချီတက်ပွဲကို မျှော်လင့်တာထက်စောပြီး ကျင်းပခဲ့တာပါ။ တင့်ကား တွေ၊ သံချပ်ကာကားတွေ၊ လက်နက်ကြီးတင်ယာဉ်တွေပါဝင်တဲ့ စစ်ရေးပြတန်းကြီးက Constitution Avenue ရိပ်သာလမ်းအတိုင်း စစ်ရေးပြချီတက်လာခဲ့တာပါ။ ဒီလိုစစ်ရေးပြချီတက်မှုမျိုးက အမေရိကန်နိုင်ငံမှာတော့ အလွန်လည်း တွေ့ရခဲလှတဲ့ မြင်ကွင်းမျိုးပါ။
အခမ်းအနားမှာ သမ္မတ ထရန့် က “နိုင်ငံတိုင်းလိုလိုက ကိုယ့်နိုင်ငံရဲ့ အောင်ပွဲအတွက် အခမ်းအနားတွေကျင်းပကြတာပါ။ အမေရိကန်အနေနဲ့လည်း ဒီလိုကျင်းပတာပါပဲ” လို့ စစ်ချီတက်တန်းနောက်က လိုက်ပါလာကြတဲ့ ထောင်ပေါင်းများစွာသော ပရိသတ်ကို ပြောခဲ့ပါတယ်။

တချို့သော သမ္မတဆန့်ကျင်သူတွေကတော့ ထရန့်ကို ဆန့်ကျင် ဆန္ဒပြတဲ့အမူအရာတွေ လုပ်ပြကြပါသေးတယ်။
အခမ်းအနားကိုတော့ ဒေါ်လာ ၂၅ သန်းကနေ ၄၅ သန်းအထိ ကုန်ကျခံပြုလုပ်ခဲ့တာလို့ အစိုးရအရာရှိ တချို့က ပြောခဲ့ကြပါတယ်။ ဝေဖန်ရေးသမားတွေကတော့ ဒီအခမ်းအနားက ထရန့် ရဲ့ အာဏာရှင်စနစ် ပုံစံကို ခင်းကျင်းပြတာဖြစ်ပြီး ဖြုန်းတီးမှုသက်သက်လို့ ဆိုခဲ့ကြပါတယ်။



တစ်ချိန်တည်းမှာပဲ နိုင်ငံအနှံ့ဆန္ဒပြပွဲတွေမှာကလည်း ထရန့်ရဲ့မူဝါဒတွေကို ပြင်းထန်စွာဆန့်ကျင်လျက်ရှိကြကာ အကြမ်းဖက်မှုတွေလည်း ဖြစ်ပွားနေရပါတယ်။လော့စ်အိန်ဂျယ်လ်မှာဆိုရင် မြင်းစီးရဲတပ်ဖွဲ့က ဆန္ဒပြသမားတွေကို အကြမ်းဖက်နှိမ်နင်းနေကြသလို ဆန္ဒပြသမားတွေကလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ လုယက်မှုတွေကို ပြုလုပ်နေကြတာ တွေ့နေရပါတယ်။
ဒါကြောင့်လည်း သမ္မတ ထရန့် မျှော်မှန်းကျင်းပခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့ ဂုဏ်ယူဖွယ် နှစ် ၂၅၀ ပြည့်အခမ်းအနားကတော့ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊အကြမ်းဖက်ဆန္ဒပြမှုတွေအလယ်မှာ အရုပ်ဆိုး အကျည်းတန်ခဲ့ရတယ်လို့သာ ဆိုရမှာပါ။
Ref- CNN
