
၁၅.၆.၂၀၂၅
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊မင်းလမ်းမပေါ် (စျေးလမ်းထောင့်)တွင် ယမန်နေ့ ဇွန်လ ၁၄ ရက် ည ၈ နာရီခန့်က ဆေးခန်းပြမည့်သူလိုက်ပါလာသည့် လိုက်ထရပ်မော်တော်ယာဥ်ကို FORD Ranger အမျိုးအစား ကိုယ်ပိုင်ယာဥ်တစ်စီးက ဝင်တိုက်မိရာမှ နှစ်ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

“ဆေးခန်းပြမယ့်သူတွေ လိုက်လာတဲ့ လိုက်ထရပ်ယာဥ်က ပန်းတနော်က မအူပင်မှာ ဆေးခန်းလာပြတာ။ ဖို့ဒ့်ရိန်းဂျားကားက စျေးလမ်းကနေ မင်းလမ်းပေါ်တက်လာချိန်မှာ အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တာ။ ကားက ညောင်ပင်နဲ့ နတ်နန်းကြားထဲ ညပ်သွားတာ။ လူတွေလည်း ထိကုန်တာ “ဟု ဒေသခံတစ်ဦးက ပြောသည်။

ယာဥ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး ငါးဦးမှာဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို မအူပင်မြို့ခံ လူမှုကူညီရေးအသင်းများက မအူပင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
