◾ လူပစ်သတ်မှုလည်း ကျုးလွန်ထားသဖြင့် သံဃာတော်များနှင့် စစ်ဘေးရှောင်များ တိမ်းရှောင်နေရ

၁၅. ၆. ၂၀၂၅
Written by Nay Moe
သာသနာ့နယ်မြေအဖြစ် ပြည်သူများက သိန်းထောင်ချီအကုန်ံ လှူဒါန်းထားသော နောင်ချိုမြို့နယ်၊ အုမ္မသီးရွာလမ်းခွဲရှိ ခမ်းချို ဘုန်းတော်ကြီးကျောင်းကို TNLA နှင့် PDF တို့က တပ်စွဲထားကာ လူပစ်သတ်မှုလည်း ကျုးလွန်ထားသဖြင့် သံဃာတော်များနှင့် စစ်ဘေးရှောင်များ တိမ်းရှောင်နေရသည်ဟု ခမ်းချိုဘုန်းတော်ကြီးကျောင်းက လူမှုကွန်ရက်တွင် အသိပေးထားသည်။

အေးချမ်းစွာရှိနေသော နောင်ချိုမြို့နယ်ကို TNLA က အဓမ္မအကြမ်းဖက်သိမ်းဆည်းပြီးနောက် ပြည်သူများစွာ၏နေအိမ်ကို ဖောက်ထွင်းလုယက်ခြင်းနှင့် တပ်စခန်းချခြင်းများလုပ်ဆောင်ခဲ့သဖြင့် စစ်ရှောင်ပြည်သူများစွာကို ခမ်းချိုဘုန်းတော်ကြီးကျောင်းအတွင်း စောင့်ရှောက်ခဲ့သော်လည်း TNLA က လာရောက်ကာ လူတစ်ဦးကို သေနတ်နှင့် ပစ်သတ်ခဲ့သည့် အပြင် ကျောင်းဝင်းအတွင်းလည်း ပစ်ခတ်သဖြင့် မေလ ၂၃ ရက်တွင် ကျောင်းဝင်းကို စစ်ရှောင်များနှင့်အတူ စွန့်ခွာခဲ့ရသည်ဟု သိရသည်။
ထိုသို့ ခမ်းချိုကျောင်းဆရာတော်နှင့် စစ်ဘေးရှောင်ပြည်သူရာချီက ခမ်းချိုကျောင်းတွင် နေထိုင်မရတော့၍ စွန့်ခွာသွားသည်နှင့် တစ်ပြိုင်နက် TNLA နှင့် PDF တို့က မေလ ၂၄ ရက်တွင် ကျောင်းတိုက်အတွင်း တပ်စွဲလိုက်သည်ဟုလည်း သိရသည်။

အဆိုပါ ခမ်းချိုကျောင်းသည် အကျယ်အဝန်း ၄ ဒသမ ၇၅ ဧကရှိပြီး သာသနိက အဆောက်အဦ ကာလတန်ဖိုးသိန်းထောင်ချီတန်ကြေးရှိကာ အုမ္မသီးရွာမှ ရွှေသိင်္ဂီစားသောက်ဆိုင်နှင့် အလှူရှင်များက မ,တည် လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။
“ခမ်းချိုကျောင်း ၄.၇၅ဧက နယ်မြေနှင့် သာသနိက အဆောက်အဦ ကာလတန်ဖိုး (ကျပ်သိန်းထောင်ချီ) အကုန်ကျခံပြီး ကျေးရွာ၏ ပရိယတ္တိ ပဋိပတ္တိ သာသနာဟိတလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရည်မှန်း၍ စုပေါင်းအလှူရှင်များမှ သာသနာနယ်မြေအဖြစ် လှူဒါန်းထားပြီးဖြစ်ပါသည်။ (လက်နက်ကိုင်များ တပ်စွဲ စခန်းချရန် စစ်မြေပြင်အသုံးပြုရန် မဟုတ်ပါ)။ သို့ဖြစ်ပါ၍ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ တပ်ဆွဲတည်းခို နေရာပေးခြင်း ခွင့်မပြုခဲ့ပါ။ လက်ရှိတွင် TNLAလက်နက်ကိုင်အဖွဲ့အစည်းမှ ကျောင်းတွင်းတပ်စွဲစခန်းချ နေရာယူနေခြင်း ကြားသိရသည်ကို များစွာစိတ်မကောင်းဖြစ်မိပါသည် ခွင့်ပြုနိုင်ခြင်းမရှိပါကြောင်းနှင့် နောက်နောင်ဖြစ်ပေါ်လာသော ပြဿနာများကိုလည်း ကျောင်းနှင့်ပတ်သက်မှုမရှိကြောင်း ပျက်စီးဆုံးရှူံးမှုများရှိခဲ့ပါက သက်ဆိုင်ရာအဖွဲ့အစည်း၏ တာဝန်ဖြစ်သည်ဟု သိရှိနိုင်ပါရန် မေတ္တာရပ်ခံ ကြေညာအပ်ပါသည်။”ဟု ခမ်းချိုကျောင်းတိုက်က မြန်မာ၊ အင်္ဂလိပ်၊ တရုတ် သုံးဘာသာဖြင့် အသိပေးထားသည်။

ထိုသို့ သာသနာ့နယ်မြေကို TNLA နှင့် PDF များ တပ်စွဲထားသဖြင့် တပ်မတော်ကလည်း အကြမ်းဖက်လက်နက်ကိုင် ချေမှုန်းမှုများ မဖြစ်မနေလုပ်ဆောင်ရရာ ကျောင်းတိုက်ဇရပ်တစ်ဆောင် မီးသင့်ခဲ့ရပြီဟုလည်း ခမ်းချိုကျောင်းတိူက်က အသိပေးထားသည်။

