◾ အစ္စရေးက အီရန်မြို့တော်အနီး ရေနံသိုလှောင်ကန်ကို လေကြောင်းမှတိုက်ခိုက်
◾ အီရန်က ဒုံးကျည်ဖြင့် အစ္စရေးမြို့ကြီးများသို ဆက်လက်တိုက်ခိုက်မှုများတွင် သေဆုံးဒဏ်ရာရမှုများရှိ

၁၅.၆.၂၀၂၅
Translated by Htwe Ko Tun
အစ္စရေး-အီရန်စစ်ပွဲမှာ အစ္စရေးဘက်က အီရန်မြို့တော် တီဟီရန် နယ်မြေအတွင်းမှာရှိတဲ့ သဘာဝဓာတ်ငွေ့ သိုလှောင်နယ်မြေနဲ့ ရေနံချက်စက်ရုံတို့ကို လေကြောင်းမှ တိုက်ခိုက်မှု ပြုခဲ့ရာမှာ မြို့တော်ရဲ့ ကောင်းကင်တစ်ခွင်လုံး ဇွန်လ ၁၅ ရက် နံနက် အစောပိုင်းမှာ မီးခိုးငွေ့တွေ မီးတောက်တွေနဲ့ လွှမ်းမိုးနေခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးတို့က လေကြောင်းတိုက်ခိုက်မှုကို ဇွန်လ ၁၄ ရက် ညပိုင်းမှာထဲက စတင်ပြုလုပ်ခဲ့ပြီး ရှာရန် (Shahran) ရေနံနဲ့သဘာဝဓာတ်ငွေ့သိုလှောင်နယ်မြေကို လေကြောင်းတိုက်ခိုက်မှုတိုက်ရိုက်ထိမှန်ကာ မီးစွဲလောင်ခဲ့တယ်လို့ အီရန်ရေနံဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ရှာရန်က အထပ်အမြင့်တွေနဲ့ ဇိမ်ခံအဆောက်အအုံတွေ တည်ရှိရာနယ်မြေလည်း ဖြစ်ပါတယ်။ ရှာရန် ရေနံသိုလောင်နယ်မြေမှာ အနည်းဆုံးသိုလှောင်ကန် ၁၁ ခုပါဝင်ပြီး တစ်နေ့ကို ရေနံစိမ်းလီတာ ခုနစ်သန်းလောက်အထိ ချက်လုပ်ပေးနိုင်တာပါ။

အစ္စရေးက အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်စီမံကိန်းတည်ရှိရာ တီဟီရန်မြို့ရှိ အီရန်ကာကွယ်ရေး ဝန်ကြီးဌာနကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ အီရန်မီဒီယာတွေကလည်း ရှာရန်ရေနံမြေနဲ့ အီရန်ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အစ္စရေးတို့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကို အတည်ပြုခဲ့ပါတယ်။
ဒါ့ပြင် အစ္စရေးလေတပ်က ဇွန်လ ၁၄ ရက် ညနေပိုင်းမှာ အီရန်နိုင်ငံတောင်ပိုင်းရှိ သဘာဝဓာတ်ငွေ့ စက်ရုံတွေကို လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ ပေါက်ကွဲမီးလောင်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။
တစ်ချိန်တည်းမှာပဲ အီရန်က အစ္စရေးနိုင်ငံအတွင်း ဒုံးကျည်တွေနဲ့ အဆက်မပြတ်ပြန်လည်ပစ်ခတ်မှုကို ပြုလုပ်ခဲ့ရာမှာ အစ္စရေးမြို့ကြီးတွေမှာ ထိခိုက်ဒဏ်ရာရမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ အစ္စရေးအလယ်ပိုင်းမှာဆိုရင် ဒုံးကျည်ပစ်ခတ်မှုတွေကြောင့် လူလေးဦးသေဆုံးကာ အနည်းဆုံး ၁၃၀ ဦးဒဏ်ရာရပြီး ၃၅ ဦးပျောက်ဆုံးနေပါတယ်။ အစ္စရေးနိုင်ငံမြောက်ပိုင်းမှာလည်း ဇွန်လ ၁၄ ရက်ညက ဒုံးကျည် တိုက်ခိုက်မှုတွေမှာ လူ ငါးဦးသေဆုံးပြီး အနည်းဆုံး ၂၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဇွန်လ ၁၄ ရက်မှာတော့ အစ္စရေးနိုင်ငံအတွင်း အစိုးရက အရေးပေါ် အခြေအနေကြေညာခဲ့ပြီး ကျောင်းတွေ၊ အလုပ်ဌာနတွေပိတ်လိုက်ကာ လေကြောင်းသွားလာမှုတွေလည်း ရပ်တန့်ခဲ့တယ်လို့ သိရပါတယ်။
Ref- Jerusalem Post, IRNA
