
၁၅. ၆ . ၂၀၂၅
Translated by Thattant
ထိုင်းနိုင်ငံ၊ နခွန်ပထုံပြည်နယ်၊ နခွန်ပထုန်မြို့တွင် ၁၄ လသားအရွယ် မြန်မာမိန်းကလေးငယ်တစ်ဦးကို ဆိုင်ကယ်စီးလာသည့် ဖခင်က လွယ်ပိုးထားသည့် ချီပိုးအိတ်မှ လျှောထွက်ပြုတ်ကျချိန် ကုန်တင်ကားက တိုက်ကြိတ်မိ၍ သေဆုံးခဲ့သည့် ကြေကွဲဖွယ်ရာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်ရပ်သည် ဇွန်လ ၁၃ ရက်နေ့က မူအမ်းခရိုင်၊ သာဝီ ဖတ်သနလမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နခွန်ပထုန်ဆေးရုံမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာချိန်တွင် ၎င်းတို့သည် မြန်မာနိုင်ငံသားဖြစ်သူ ကလေးငယ်၏ဖခင် ချာလူစီးနင်းလာသည့် အနီရောင် ဟွန်ဒါဆိုင်ကယ်အနီး လမ်းမပေါ်တွင် ကလေးမလေးအား သေဆုံးလျက်သား တွေ့ရှိခဲ့ကြသည်။

ဖခင်သည် ကလေးငယ်အား ရင်ဘတ်တွင်ပတ်သည့် ကလေးချီအိတ်ဖြင့် ချီထားခြင်း ဖြစ်သည်။ အနီးတွင် ချာချိုင်းဆောင်းပြည်နယ်မှ အသက် ၅၄ နှစ်အရွယ် ပိုင်တွန်း မောင်းနှင်လာသည့် အဖြူရောင်ကုန်တင်ကားတစ်စီးကို တွေ့ရှိခဲ့သည်။
ပိုင်တွန်းက ၎င်းသည် ဘိုဖဲခရိုင်ခွဲရှိ သားသတ်ရုံသို့ မောင်းနှင်နေစဉ် ၎င်း၏ကားက တစ်ခုခုကို ကြိတ်မိသည့် အသံကြားခဲ့ရကြောင်း ရှင်းပြခဲ့သည်။ စစ်ဆေးကြည့်ရာတွင် ညာဘက်နောက်ဘီးက ကလေးငယ်အား သေစေလောက်အောင် ထိခိုက်မိခဲ့သည်ကို တွေ့ရှိခဲ့သည်။ ၎င်းတွင်လည်း ကလေးငယ်များရှိပြီး မည်သူမျှ ထိုကဲ့သို့ ဖြစ်ရပ်မျိုး ကြုံတွေ့ရသည်ကို မလိုလားကြောင်း၊ အာမခံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုဖြစ်ရပ်အပေါ် ဝမ်းနည်းမိကြောင်း ဖြေရှင်းခဲ့သည်။
နခွန်ပထုန်မြို့တွင် အလုပ်လုပ်ကိုင်နေသော ချာလူက သမီးငယ်ကို မူကြိုပို့စဥ် ကလေးချီအိတ် လျှောကျကာ ၎င်း၏သမီး လမ်းပေါ်သို့ ပြုတ်ကျခဲ့ပြီး နောက်မှလိုက်လာသော ကုန်တင်ကားဖြင့် တိုက်မိခဲ့သဖြင့် ယခုလို မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ထိုနည်းတူ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော မျက်မြင်သက်သေ အေ က ကလေးငယ် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသည်နှင့် ထိုနောက်ဆက်တွဲ မတော်တဆမှုကို မြင်တွေ့ခဲ့ရကြောင်း အတည်ပြုခဲ့သည်။ ၎င်းက ဖခင်သည် အရက်သောက်ထားပုံရကြောင်း ပြောခဲ့သည်ဟုလည်း KhaoSod သတင်းဌာနက ဖော်ပြခဲ့သည်။
Ref & Photo – The Thaiger , Khaosod
